ထိုင်းနိုင်ငံရနောင်းလူသတ်မှု တွင်ဖမ်းဆီးခံ မြန်မာလူမျိုးများအတွက် အစိုးရမှ အကူအညီပေးနိုင်ရန်မျှော်လင့်ဟုဆို

0
162

ရန်ကုန်၊မတ်၁၂၊၂၀၁၈

ထိုင်းနိုင်ငံရနောင်းမြို့လူသတ်မှုတွင် ပြစ်မှုကျူးလွန်သည်ဟု ယူဆ၍ သံသယထားဖမ်းဆီးခံ ရသူ မြန်မာလူမျိုးရွှေ့ပြောင်းလုပ်သား၎ဦး အတွက် ထိုင်းအစိုးရမှ မှန်ကန်တိကျသော အမိန့်ချမှတ်နိုင်ရန် မြန်မာနိုင်ငံမှအစိုးရ ကတစ်စုံတစ်ရာကူညီမှုများရှိလာစေရေး မျှော်လင့်ကြောင်း ယနေ့ မတ်လ၁၂ရက်နေ့တွင် ရန်ကုန်မြို့ဗိုလ်တစ်ထောင် မြို့နယ်ရှိ Orchid Hotel၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှသိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်မြို့ဖြစ်သော ရနောင်းမြို့ တွင်၂၀၁၅ခုနှစ် စက်တင်ဘာလ၂၈ရက်က ထိုင်းမြန်မာကပြားအသက်၁၆နှစ် ကျောင်းသူ အသတ်ခံရ ခြင်းနှင့်ပတ်သက် ပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၄ဦးအား ယင်းကျောင်းသူ အသတ်ခံရပြီး တစ်လအကြာတွင် ဖမ်းဆီးခဲ့ကြရာ အဆိုပါ အမှုသည် ကမ္ဘာကျော်လိပ်ကျွန်း လူသတ်မှုဖြစ်စဉ်နှင့်တူညီပါသော်လည်း လိပ်ကျွန်းလူသတ်မှု ကဲ့သို့အစိုးရ၏အင်တိုက်အားတိုက်ကူညီမှုသည် လက်ရှိဖြစ်စဉ်မှ ဖမ်းဆီးခံရွှေ့ပြောင်းလုပ်သားများအပေါ် အားနည်း နေကြောင်းနှင့် လာမည့်ယခုမတ်လ ၂၉ရက်နေ့တွင် အမိန့်ချမှတ် မည်ဖြစ်ခြင်း ကြောင့်ပြစ်ဒဏ် မစီရင်မှီ အချိန်တွင် အကူအညီပေး လိုက်နိုင်ခြင်းက ထိရောက်ပါကြောင်းသိရသည်။

“လိပ်ကျွန်းလူသတ်မှု ဖြစ်ပြီး၁နှစ်အကြာမှာ ဒီထိုင်းမြန်မာ ကပြားကျောင်းသူ လေး အသတ်ခံရတဲ့ဖြစ်စဉ်ဖြစ်တာပါ။ သူအသတ်ခံရပြီးပြီးခြင်း တရားခံကို ဘာကြောင့်မဖမ်းမိလဲမသိပေမယ့် ၁လကြာပြီးမှ ဖမ်းတာပါ။ အခုအမှုမှာ ဆိုရင် အစိုးရရဲ့ကူညီပံ့ပိုးပေး မှုကမရှိသလောက်ပါပဲ။အစိုးရကသံအရာရှိ တစ်ယောက်ကိုသက်သေထွက်ဆိုခိုင်းဖို့တောင်မလွှတ် ဘူးဆိုတော့ မြန်မာအစိုးရကပူးပေါင်းကူညီပေးတာကအားနည်းတော့ အဲ့ဒီ့အပေါ်မှာ ထိုင်းအစိုး ရက အမိန့်ချချင်သလို ချလိုက်မှာကို စိုးရိမ်တာပါ။ ဒါကြောင့်မို့ အစိုးရကို တတ်နိုင်သမျှ ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ တောင်းဆို တာပါ”ဟုအမှုတွင်ကူညီဆောင်ရွက်ပေးနေသူထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးထူးချစ်ကပြောသည်။

ထိုင်းရနောင်ခရိုင်ဆေးရုံကြီးကမျိုးရိုးဗီဇစစ်ဆေးချက် များအရ သေဆုံးသူ၏ ခန္ဓာကိုယ်မှ ရရှိသည့် DNAများသည် ဖမ်းဆီးခံ လုပ်သားများနှင့် တူညီမှု မရှိကြောင်းတွေ့ရှိရပြီး လူသတ်လက်နက်တွင်လည်း တူညီသည့်DNAများ မရှိကြောင်းသက်ဆိုင်ရာ မျိုးရိုးဗီဇ စစ်ဆေးသည့် ပညာရှင်များက ပြောကြားထားကြောင်းလည်းသိရသည်။

“၂၀၁၅ခုနှစ်က ထိုင်းနိုင်ငံမှာတာဝန်ကျနေတဲ့ အလုပ်သမား သံအရာရှိကို ထိုင်းနိုင်ငံတရားသူကြီး ချုပ်ကခေါ်တာအစိုးရအနေနဲ့ခွင့်မပြု လို့သက်သေ မလာပေးနိုင် ဘူးဆိုတာဘာရည်ရွယ်ချက် ကြောင့်မလုပ်ပေးတာဆိုတာ ပြောချင်ပါတယ်။ထိုင်းနိုင်ငံသာတွေဖြစ်တဲ့ ထိုင်းလုပ်ငန်းရှင်တွေကတောင် မြန်မာလူမျိုးကလေးတွေမသတ်တဲ့အကြောင်း အခင်းဖြစ်ချိန်မှာ ကလေး တွေ လုပ်ငန်းခွင်မှာရှိနေတာ CCTVမှတ်တမ်းတွေရောကူညီပေးကြတာကို မြန်မာအစိုးရအနေနဲ့ဘာကြောင့်နှုတ်ဆိတ်နေတာလဲဆိုတာကျွန်တော်သိချင်မိပါတယ်။”ဟုဦးထူးချစ်ကဆက်လက်ပြောသည်။

ရနောင်းလူသတ်မှုနှင့် ပတ်သက်ပြီး မြန်မာအစိုးရတာဝန်ရှိသူများ ၊တနင်္သာရီတိုင်းဒေသကြီးမှလွှတ်တော်ကိုယ်စားလှယ်များ၊မန္တလေးတိုင်းဒေသကြီးမှလွှတ်တော်ကိုယ်စားလှယ်များစသဖြင့်အစိုးရတာဝန် ရှိသူများထံသို့အသိပေးစာများပေးပို့ထားကြောင်းသိရသည်။

“အမှုဖြစ်တော့ ကျွန်မသားနှစ်ယောက်စလုံး ကိုဖမ်းသွားတယ်။ ရဲတွေ ကညီအစ်ကို နှစ်ယောက်သရုပ်ပြခိုင်း တော့ အကိုဖြစ်သူကို သူတို့ဖိအား ပေးခိုင်းတဲ့ အတိုင်းမလုပ်လို့ဝိုင်း ရိုက်တော့သားငယ်မောင်မိုးဇင်အောင်က အကိုကြီးကို မလုပ်ပါနဲ့။ ကျွန်တော်သတ်တာပါဆိုပြီး ၀န်ခံလိုက်တယ်။ အဲ့ဒါကြောင့် ခုအမှုမှာ သူ့ကိုအဓိကကျူးလွန်သူတရားခံ အနေနဲ့ စွဲချက်တင် ထားပါတယ်။ ကျွန်မအနေနဲ့အမှုကိုအမှန်တိုင်း ဖြစ်စေချင် ပါတယ်။ မြန်မာ အစိုးရအနေနဲ့လည်းကူညီနိုင်တာလေးကူညီပေး ပါလို့ပြောချင် ပါတယ်”ဟု ရနောင်းလူသတ်မှုတွင် အဓိကတရားခံအဖြစ် စွဲချက်တင်ထားခံရသူ၏ မိခင် ဒေါ်အိအိမိုးကပြောသည်။

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် ပြီးခဲ့သည့် မြန်မာအစိုးရမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ် အပါအ၀င်လွှတ်တော်အသီးသီး ကလည်း ပါဝင် ကူညီဆောင်ရွက်ပေးကြသော်လည်း အမိန့်ချမှတ်ရာတွင် မမျှော်လင့်ခဲ့သောသေဒဏ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းကြောင့် ယခု ရနောင်း အမှုတွင်လည်း ပြစ်မှုကျူးလွန်ကြောင်း သံသယဖြစ်ခံရသူများမှ အပြစ် မရှိသည့် မျိုးရရိုးဗီဇဆိုင်ရာသက်သေ၊ ပစ္စည်းသက်သေ၊ လူသက်သေ များပြည့်စုံစွာပေးနိုင် သော်လည်း ပြစ်မှုစီရင်ရာတွင် ဥပဒေအတိုင်း မလုပ်ဆောင်သွားမည်ကိုစိုးရိမ်ကြကြောင်းသိရသည်။

မေစု

Leave a Reply