Myanmar Now အယ်ဒီတာချုပ် အမှုတွင် တရားလိုအား မမှန်မကန် သက်သေခံမှုနှင့် အရေးယူရန် တရားရုံးသို့ တင်ပြ

0
161

မန္တလေး၊ မတ် ၁၂၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ၏ အမှုတွင် တရားလိုဖြစ်သူကိုကျော်မျိုးရွှေအား မမှန်မကန် သက်သေခံမှု နှင့် အရေးယူပေးရန် မတ်လ ၁၂ ရက်နေ့က မြို့နယ်တရားသူကြီးထံ တင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့တင်ပြမှုကို တရားသူကြီးက လက်ခံခဲ့ပြီး မတ်လ ၂၆ ရက်နေ့ရုံးချိန်း တွင် လျှောက်လဲချက်တင်ရမည်ဖြစ်သည်။ တရားလို ကိုကျော်မျိုးရွှေက သက်သေခံအဖြစ် တင်ထားသည့် ဖုန်းအတွင်း မည်သည့်သက်သေခံပုံမှ မပါရှိသည့်အတွက် ယင်းသက်သေခံဖုန်းအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သက်သေခံအဖြစ်မှ ပယ်ချခဲ့သည်။

“ဒီနေ့ မမှန်မကန် သက်သေခံမှုနဲ့ အရေးယူပေးဖို့ တရားသူကြီးဆီ တင်နေတဲ့အတွက် ဘာမှ မစစ်ဆေးဖြစ်လိုက်ဘူး” ဟု ကိုဆွေဝင်း၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ကိုမျိုးမင်းဇော်က ပြောသည်။

တရားလို ကိုကျော်မျိုးရွှေကို ချမ်းမြသာစည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုထားသည့်အတွက် ထောင်အတွင်း အချုပ်ကျခံနေရသည်။

မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ၏ မိန့်ကြားချက်ဖြင့် ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ဦးကျော်မျိုးရွှေက Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ (၇) ရက်နေ့ က ဆက်သွယ် ရေး ဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် အမှတ် (၇) နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့တွင် မင်္ဂလာဒုံ လေဆိပ်၌ ဖမ်းစီးခဲ့ကာ တရားရုံးက အာမခံဖြင့် အမှုရင်ဆိုင်စေခြင်းဖြစ်သည်။

နိုင်လင်းဦး

Leave a Reply