ပုဂ္ဂလိကစက်​သုံးဆီဆိုင်​များ၏ အရည်​အ​သွေးနှင့်​ ချိန်​တွယ်​မှုများကို ​ရှောင်​တခင်​ဝင်​​ရောက်​စစ်​​ဆေး​နေ

0
149

ရန်​ကုန်​ ၊မတ်လ ၁၂၊၂၀၁၈

ရန်ကုန်​တိုင်း​ဒေသကြီးအတွင်း ပုဂ္ဂလိကစက်​သုံးဆီဆိုင်​များ၏ အရည်​အ​သွေးနှင့်​ ချိန်​တွယ်​မှုများကို လစဉ်​ (၁)လလျှင်​ ၁၀ ဆိုင်​နှင့်​အထက်​ ​ရှောင်​တခင်ဝင်​​ရောက်စစ်​​ဆေးလျှက်ရှိ​ကြောင်းမွေးမြူရေး၊စိုက်ပျိုးရေး၊သစ်တော
နှင့် စွမ်းအင်ဝန်ကြီးဦးဟံထွန်းက​ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နေ့စဉ်ပျမ်းမျှဓာတ်ဆီ၂ ဒသမ၂ သန်းနှင့်
ဒီဇယ်ဆီဂါလံ ၁ ဒသမ ၄၅ သန်း လက်ခံရရှိပြီး ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များမှ နေ့စဉ် ပျမ်းမျှ ဓာတ်ဆီ ၀ ဒသမ ၂၇ သန်း နှင့် ဒီဇယ်ဆီ ဂါလံ ၀ ဒသမ ၁၈ သန်းကို ​ဈေးနှုန်းအရှင်​ဖြင့်​ လွတ်​လပ်​စွာဖြန့်​ဖြူး ရောင်းချ လျက်ရှိ​ကြောင်း သိရသည်​။

ယနေ့ပြုလုပ်​သည့် ​ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ အကြိမ်၊ ဆဌမပုံမှန်အစည်းအဝေးတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်းများကို နေ့စဉ် ကမ္ဘာ့ရေနံဈေး၊ငွေလဲလှယ်မှုနှုန်းထား အပေါ် မူတည်သတ်မှတ်မှုနှင့် ပတ်သက်ပြီး မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ​မေးမြန်းခဲ့သည်။

” ပုဂ္ဂလိကစက်သုံးဆီ လုပ်ငန်း စတင်လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ အချိန်က စပြီး တော့ အဆင့်မြင့်ဓာတ်ဆီ၊ အဆင့်မြင့် ဒီဇယ်၊ အခြား ဓာတ်ဆီနဲ့ ဒီဇယ် များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ သွင်းကုန် လိုင်စင် လျှောက်ထားပြီး နိုင်ငံခြားမှ ဝယ်ယူတင်သွင်းစဉ် ရှိတဲ့ ကျွန်တော် တို့ MOPS ဈေးနှုန်း၊ ငွေလဲလှယ်နှုန်းများကို မူတည်တွက်ချက်၍ ဈေးနှုန်း အရှင်နဲ့ လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။ ဈေးနှုန်းသတ်မှတ် ပြီးတော့ ရောင်းချစေတာမျိုး မရှိပါဘူး။”ဟုဝန်ကြီးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းစက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် ရရှိ ထားသည့် သီလဝါသိုလှောင်ကန်စခန်း(၅)ခုနှင့် လှိုင်မြစ်တစ်လျှောက်၌ ဖြန့်ဖြူး​ရောင်းချခွင့်ပြုထားသည့် လိုင်စင်သိုလှောင်ကန်စခန်း (၂)ခုရှိပြီး သိုလှောင်ကန်စခန်းများ၏ လအလိုက် လက်ခံရရှိမှု၊ ဖြန့်ဖြူးရောင်းချမှု၊ သိုလှောင်ကန်လက်ကျန်စာရင်းများ အားလုံးကို ရန်ကုန်တိုင်း ရောင်းဝယ် ရေး အရာရှိရုံးမှ တစ်ဆင့် မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း သို့ အပတ်စဉ် ပေးပို့တင်ပြရကာ ရန်ကုန်တိုင်း စွမ်းအင်ဝန်ကြီး ဆီသို့လည်း ပေးပို့ပါကြောင်းဝန်​ကြီးက ဆက်​ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဌာန ဝန်ကြီးအနေနှင့် ပြည်တွင်း၌ ပုဂ္ဂလိက လုပ်ငန်း ရှင်များက ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ၊ ကမ္ဘ့ာဈေးနှုန်းများနှင့် အညီ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းများ တွက်ချက်နိုင်ရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရေးအသင်းက စက်သုံးဆီ​ဈေးနှုန်း တွက်ချက်ဆောင်ရွက်လျက်ရှိပြီး တွက်ချက်မှုကိုလဲ ထုတ်ပြန်နေသည့်​ စာရင်း ထဲတွင်​ အမြဲတမ်းတင်ပြထားလေ့ရှိကာ စက်​သုံးဆီ​ဈေးနှုန်း များကို အပတ်စဉ် ဗုဒ္ဓဟူနေ့တိုင်း နိုင်ငံပိုင်သတင်းစာ၌ ထည့်သွင်း၍ ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများကို ကျယ်ကျယ်ပြန့်ပြန့်သိသာရန် ထုတ်ပြန်လျက် ရှိ​ကြောင်း၎င်းကပြောသည်။

“ကုမ္ပဏီတွေ အနေနဲ့ တင်သွင်းလာတဲ့အချိန်မှာ ဈေးနှုန်းသက်သာပြီးတော့ လက်ရှိချိန်မှာ MOPS ဈေးနှုန်း၊ ငွေလဲလှယ်နှုန်းများ မြင့်တက်ပါကလဲ ဈေးနှုန်းမတက်ဘဲ အနိမ့်ဖြင့်ရောင်းချခြင်းရှိသကဲ့သို့ တင်သွင်းစဉ်က ဈေးနှုန်းကြီးမြင့်ပြီး လက်ရှိချိန်ဖြစ်ပေါ်နေသည့်​ဈေးက ကျဆင်းပါကလည်း ပေါက်ဈေးကို မလျော့ဘဲ မူလနှုန်းထားအတိုင်း ဆက်လက်ရောင်းချခြင်း မျိုးလဲ ရှိနေပါတယ်။ ဒါကတော့ဈေးကွက်စီးပွားရေးအခြေအနေအရ နိုင်ငံတော် အစိုးရအနေနဲ့​ စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ ဝင်ရောက်စွပ်ဖက်ခြင်း မရှိတာဘဲဖြစ်ပါတယ်။”ဟုဝန်ကြီးကပြောသည်။

စစ်ဆေးရေးအပိုင်း၌ ပြည်ပက တင်သွင်းလာ သည့် စက်သုံးဆီ တင်ဆောင်လာ​သော tanker ဆိုက်ရောက်လာပါက တင်သွင်းသည့် ကုမ္ပဏီမှ ကိုယ်စားလှယ်များ၊Third Partyအဖွဲ့အစည်းများ၊အမှတ် (၁) ရေနံချက်စက်ရုံဓာတ်ခွဲခန်းမှ ဝန်ထမ်းအဖွဲ့၊အကောက်ခွန်အရာရှိတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က tanker မှ ပိတ်ထားသည့် tanker ၏အခန်းများကို ဖွင့်ပြီး Sample ယူကာ ယင်း Sampleကို Chief Officer ၏ သဘောတူညီချက်ယူပြီး အမှတ် (၁) ရေနံချက်စက်ရုံ သန်လျင်ဓာတ်ခွဲ ခန်းကို ပေးပို့ရကြောင်းနှင့်​ အရည်အသွေး စစ်ဆေးပြီး အရည်အသွေး စံချိန်စံညွှန်းပြည့်မီသည့် Sample ဖြစ်မှသာလျှင် Company Tanker မှဆီကို လက်​ခံရယူသည့်​ စနစ်​ဖြင့်​ ​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း ၎င်းက​ပြောသည်​။

ဝေ​ဝေဖြိုး

Leave a Reply