ထောင်ထဲတွင် ဆရာတော်ဦးပါမောက္ခအား သင်္ကန်းမပေးသည့်အတွက် အင်းစိန်ထောင်ပိုင်ကို တရားစွဲရန် စီစဉ်

0
135

ရန်ကုန်။ မတ် ၁၂။ ၂၀၁၈

နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၅၀၅ ခ ဖြင့် တရားစွဲဆို ထောင် သုံးလ ချမှတ်ခံရသော မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခကို ထောင်အတွင်း သင်္ကန်းမပေးခဲ့သည့်အတွက် အင်းစိန်ထောင်ပိုင်ကို တရားစွဲဆိုရန် စီစဉ်နေကြောင်း ရှေ့နေ ဦးအောင်သူရိန်ထွန်း ကပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များ လက်စွဲဥပဒေနှင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ထုတ်ပြန်ချက်နှင့် ပတ်သက်၍လည်း အင်းစိန်ထောင်ပိုင်ဖြစ် သူ ဦးမျိုးဦးအား တရားစွဲရန်စီစဉ်နေခြင်းဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခ၏ ရှေ့နေဖြစ်သူ ဦးအောင်သူရိန်ထွန်းက ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ဥပဒေကြောင်းအရ ၁၈၉၄ ခုနှစ် မြန်မာနိုင်ငံအကျဉ်းထောင်များ လက်စွဲဥပဒေ အင်္ဂလိပ်အစိုးရက ပြဌာန်းခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံတဝန်းလုံးက ထောင်တွေမှာသုံးနေတယ်။ အဲ့ဒီဥပဒေ ၁၀၆၄ ပြဌာန်းချက်မှာ ထောင်ကျလို့ ပါလာတဲ့ သင်္ကန်းတွေကိုသိမ်းလိုက်။ သိမ်းပြီးရင် အကျဉ်းထောင်များလက်စွဲ ဥပဒေနဲ့အညီ သင်္ကန်းနှစ်ဆ ပေးရမယ် မျက်နှာသုတ်ပုဝါ နှစ်ဆ အကျဉ်းထောင်လက်စွဲဥပဒေကို လိုက်နာခဲ့လားဆိုတော့ မလိုက်နာခဲ့ဘူး။ သံဃာကို သင်္ကန်းမပေးခြင်းက အကြီးမားဆုံးပြစ်မှုပဲ။” ဟု ရှေ့နေဦးအောင်သူရိန်ထွန်း က ပြောသည်။

ပြစ်မှုဖြင့်တရားရင်ဆိုင်နေရသံဃာနှင့် အပြစ်ရှိသဖြင့် တရားရုံးက ထောင်ဒဏ်သတ်မှတ်ခဲ့လည်း သင်္ကန်းဝတ်ဆင်ခွင့် ရှိရမည်ဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က ၂၀၁၃ ဇူလိုင်လတွင် စာထုတ်ထားကြောင်းလည်း ဦးအောင်သူရိန်ထွန်းက ပြောသည်။

ပြည်သူ့ဝန်ထမ်းတစ်ဦးကို တရားစွဲဆိုမည်ဆိုပါက သမ္မတ၏ ခွင့်ပြုမိန့် လိုအပ်သဖြင့် အကြီးမားဆုံးသော အဟန့်အတားဖြစ်နေကြောင်း လည်း ၄င်းကဆိုသည်။

ဆရာတော်ဦးပါမောက္ခ ထောင်ထဲတွင်ရှိစဉ်ကလည်း သင်္ကန်းပေးရန် ထောင်ပိုင်ကို စာပို့တောင်းဆိုသော်လည်း မလိုက်နာခဲ့သဖြင့် တိုင်ကြားစာအား အတိုင်ပင်ခံပုဂ္ဂိုလ် သမ္မတနှင့် သက်ဆိုင်ရာ ဌာနများသို့ ပေးပို့သွားမည်ဟုဆိုသည်။

အမေရိကန်သံရုံးရှေ့တွင် ရိုဟင်ဂျာ မရှိကြောင်း ဆန္ဒပြခဲ့သော မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား ကမာရွတ်မြို့နယ် တရားရုံးကရုံးချိန်းပေါင်း ၂၀ အထိ ချိန်းဆို စစ်ဆေးခဲ့ပြီးနောက် ထောင်ဒဏ် သုံးလ ချမှတ်ခဲ့သည်။

ထောင်ဒဏ်သုံးလ ချမှတ်ခံရပြီးနောက် ဆရာတော်ဦးပါမောက္ခသည် မတ်လ ၉ ရက် မနက်အစောပိုင်းက အင်းစိန်ထောင်မှပင် ပြန်လည် လွတ်မြောက် ခဲ့သည်။

သျှင်ရဲထွဋ်

Leave a Reply