ဗြိတိန်ရှိ ရုရှားသူလျှိုဟောင်းအား ရုရှားအစိုးရ တိုက်ခိုက်ခဲ့နိုင်ခြေရှိဟု ဗြိတိန်ဝန်ကြီးချုပ် စွပ်စွဲ

0
121

လန်ဒန် မတ် ၁၃

ဗြိတိန်တွင် နေထိုင်နေသည့် ရုရှားသူလျှိုဟောင်းအား အာရုံကြော အဆိပ်ဖြင့် တိုက်ခိုက်မှု၏နောက်ကွယ်တွင် ရုရှားရှိနေနိုင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေက မတ် ၁၂ ရက်တွင် စွပ်စွဲပြောဆို လိုက်ပြီဖြစ်သည်။

မတ် ၄ ရက်တွင် သူလျှိုဟောင်း ဆာဂေစကရီပယ်နှင့် သမီးဖြစ်သူတို့သည် စစ်ဘက်ဆိုင်ရာအဆင့်ရှိ အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ရုရှားသည် နိုဗီချော့ဟုသိကြသည့် အာရုံကြောအဆိပ်ကို ယခင်ကလည်း အသုံးပြုလေ့ရှိခဲ့ပြီး နိုင်ငံတော်က ခွင့်ပြုချက်ဖြင့် လုပ်ကြံမှုများရှိခဲ့ကာ စကရီပယ်ကဲသို့ ပြည်ပသို့ထွက်ခွာနေထိုင်သူများသည် ပစ်မှတ်များဖြစ်လေ့ ရှိကြောင်း မေက လွှတ်တော်သို့ပြောဆိုခဲ့သည်။

ဆာဂေနှင့် သမီးဖြစ်သူ ယူလီယာစကရီပယ်တို့အား တိုက်ခိုက်မှုအတွက် ရုရှားတွင် တာဝန်ရှိသည်ဟု ဗြိတိန်အစိုးရက ကောက်ချက်ချထားကြောင်း မေက အောက်လွှတ်တော်သို့ ပြောဆိုခဲ့သည်။ သို့သော် မေ၏ပြောဆို မှုသည် လှုံ့ဆော်မှုဖြစ်ပြီး ယခုနှစ်နွေရာသီတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအပေါ် ယုံကြည်မှုနည်းအောင် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ရုရှားအစိုးရကပြောဆိုခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ်၏ထုတ်ပြန်ပြောဆိုမှုသည် လှုံ့ဆော်မှုအခြေခံသည့် သတင်းမှားဖြန့်မှုနှင့် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောဆိုခဲ့သည်။ အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်မှုသည် စိတ်ဆိုးဒေါသဖြစ်စရာဖြစ်ကြောင်း အိမ်ဖြူတော်က လည်း ဗြိတိန်ဘက်မှ ရပ်တည်ပြောဆိုခဲ့သည်။

ရုရှား၏အပြုအမူသည် ရန်လိုလွန်းသောကြောင့် မဟာမိတ်များ ညီညွတ် စွာဖြင့် ယင်းပြဿနာကိုဖြေရှင်းရမည်ဖြစ်ကြောင်း ပြင်သစ် သမ္မတ ဧမာနွေလမာခရွန်ကပြောဆိုခဲ့သည်။

ရုရှားအနေဖြင့် နိုဗီချော့အစီအစဉ်ကို ကမ္ဘာ့ဓာတုလက်နက်များ တားဆီးပိတ်ပင်ရေးအဖွဲ့သို့ အလုံးစုံဖွင့်ချရမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်ပြီး တောင်းဆိုစကားပြောဆိုခဲ့သည်။

ရုရှားဘက်မှ လုံလောက်စွာတုံ့ပြန်ခြင်းမပြုပါက ဗြိတိန်သည် ယင်းတိုက်ခိုက်မှုကို ရုရှားအစိုးရက တိုက်ခိုက်မှုအဖြစ် သတ်မှတ်ပြီး လုံလောက်စွာတုံ့ပြန်မည်ဖြစ်ကြောင်း မေကပြောဆိုခဲ့သည်။ စကရီပယ်သည် ဗြိတိန်သို့ ရုရှားလျှို့ဝှက်ချက်များကို ရောင်းချခဲ့မှုဖြင့် အဖမ်းခံခဲ့ရသော်လည်း သူလျှိုချင်းဖလှယ်သည့် အစီအစဉ်အရ ၂၀၁၀ ခုနှစ်တွင် ဗြိတိန်သို့ပြောင်းရွှေ့လာကာ အင်္ဂလန်အနောက်တောင်ပိုင်းရှိ ဆလစ်ဘာရီမြို့လေးတွင် ချက်မြှုပ်နေထိုင်ခဲ့သည်။

မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ထားရှိသော ခုံလေးတစ်ခုပေါ်တွင် မေ့မျောနေသည့် စကရီပယ်နှင့် သမီးဖြစ်သူတို့အား တွေ့ရှိခဲ့ပြီးနောက် ဆေးရုံတင်ကုသပေးခဲ့ရသည်။ ၎င်းတို့နှစ်ဦး၏အခြေအနေသည် ယခုအချိန်အထိ စိုးရိမ်နေရဆဲဖြစ်သည်။

Source:AFP

ရိုးမြေ

Leave a Reply