သင်္ကြန်ရုံးပိတ်ရက်အတွင်း အဝေးပြေးယာဉ်လိုင်းများ ယာဉ်စီးခ တိုးကောက်ပါက အရေးယူမည်

0
190

မန္တလေး၊ မတ် ၁၃၊ ၂၀၁၈

သင်္ကြန်ကာလ ရုံးပိတ်ရက်များအတွင်း မန္တလေးမြို့မှ အခြားမြို့များသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခနှုန်းများတိုးကောက်ပါက အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ
ကြီးယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(အဝေးပြေး) က သိရသည်။

“အရင်နှစ်ကလည်း လက်မှတ်ခ တိုးမတောင်းဖို့ တားမြစ်ထားတယ်။ အခုလက်ရှိတော့ သင်္ကြန်နီးနေပေမယ့် လက်မှတ်နှုန်းထားကပုံမှန်ပါပဲ။ ပိုတောင်းတာတွေမရှိသေးဘူး။ တောင်းခံလို့တိုင်ကြားလာရင်လည်း အရေးယူသွားမယ်။ မန္တလေးမှာ လက်မှတ်ခတိုးကောက်ခံမှုဖြစ်ပေါ်ခဲ့တာက ၂၀၁၅ခုနှစ်တုန်းကပါ။ ဒီနောက်ပိုင်းသင်္ကြန်ကာလအတွင်းမှာ ယာဉ်လိုင်းတွေ လက်မှတ်ခတိုးကောက်မှုဖြစ်စဉ်တွေမရှိခဲ့ပါဘူး။´´ ဟု မန္တလေးတိုင်းဒေသကြီးယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းပြေးဆွဲသော အဝေး ပြေးယာဉ်လိုင်းများမှာ နေ့စဉ် ယာဉ်စီးရေစုစုပေါင်း(၄၀၀)ကျော်ဖြင့်ပြေးဆွဲလျက်ရှိသည်။

မန္တလေးမြို့၌ အခြေစိုက်ပြီး အောက်မြန်မာပြည်သို့သွားသည့်ယာဉ်လိုင်းများနှင့် အထက်မြန်မာပြည်သို့ သွားသည့်ယာဉ်လိုင်းများရပ်နားသည့် အဝေးပြေးယာဉ်ရပ်နားဂိတ်(၆) ဂိတ်ရှိကာ နှစ်စဉ်သင်္ကြန်ကာလ ရုံးပိတ်ရက်အချိန်များတွင် ခရီးသွားပြည်သူများပြားတတ်ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply