နှစ် ၃၀ ပြည့် ကိုဖုန်းမော်ကျဆုံးခြင်းနှစ်ပတ်လည် အခမ်းအနားသို့ တိုင်းအစိုးရအဖွဲ့ တက်ရောက်ခဲ့ခြင်းမရှိ

0
142

ရန်ကုန်။ မတ် ၁၃။ ၂၀၁၈

ရန်ကုန်နည်းပညာတက္ကသိုလ် YTU ( ယခင် R.I.T ) ကျောင်းတွင် ယနေ့ပြုလုပ်သည့် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း နှစ် ၃၀ ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဖိတ်ကြားထား သော်လည်း တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ရန်ကုန်တိုင်းအစိုးအဖွဲ့၊ လွှတ်တော် ဥက္ကဋ္ဌတို့ကို ဖိတ်ကြားခဲ့သော်လည်း လုပ်ငန်းများရှိသောကြောင့် မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ကိုအောင်ကျော်ဆင့် က ပြောသည်။

“မအားတဲ့အတွက် မတက်ရောက်နိုင်ကြောင်းဆိုပြီး အကြောင်းပြန်ကြား တယ်။ မလာနိုင်ဘူးဆိုပြီးတော့ပေါ့။ ဖိတ်တာတော့ အကုန်လုံးကို ဖိတ်တယ်။ လွှတ်တော်ရော အစိုးရအဖွဲ့ရော ဖိတ်ပါတယ်။ အလုပ်ရှုပ်လို့ မလာကြတာပါ။ “ ဟု ကိုအောင်ကျော်ဆင့် က အခမ်းအနားအပြီး သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

တိုင်းအစိုးရအဖွဲ့ မတက်ရောက်နိုင်သော်လည်း အခမ်းအနား ကျင်းပရေး အတွက် အထောက်အကူများ ပေးခဲ့ပြီး ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက် မှုများလည်း ရှိသည်ဟုဆိုသည်။ ယနေ့ကျင်းပသည့် အခမ်းအနားသို့လည်း ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုတက်ရောက်လည်း ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ယနေ့ကျင်းပသည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးအဖွဲ့ မတက်ရောက်နိုင်သော်လည်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး တက်ရောက်ခဲ့ပြီး အမှာစကားလည်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို အစီအစဉ် ၈ ခုဖြင့် ကျင်းပခဲ့ပြီး ပထမပိုင်းအဖြစ် သံဃာတော်အပါး ၃၀ ကို နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဒုတိယပိုင်း တွင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်းများအတွက် အမှတ်တရစကား ပြောကြားခြင်းများဖြင့် ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်းအခမ်းအနားကို ယမန်နှစ်ကလည်း ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့ပြီးယနေ့ကျင်းပသည့် နှစ် ၃၀ ပြည့် အခမ်းအနားသည် အဆိုပါကျောင်းတွင် ဒုတိယအကြိမ်ကျင်းပခဲ့ခြင်း လည်းဖြစ်သည်။

၁၉၈၈ ခုနှစ် မတ် လ ၁၃ ရက်တွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများကို သေနတ်ဖြင့် ပစ်ခတ်မှုများ ကြောင့် ကိုဖုန်းမော် အပါအဝင် ကျောင်းသား ၉ ဦး သေနတ်ထိမှန်ခဲ့သည်။

သေနတ်ထိမှန်သူများထဲမှ သုံးဦးသည် စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးသာ အသက်ရှင်ခဲ့သည်။ သေဆုံးသူ နှစ်ဦးသည် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ဖြစ်ကြသည်။

ထိုကြောင့် မတ် လ ၁၉ ရက် ရောက်တိုင်း ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း အခမ်းအနားကို ကျောင်းသား သမဂ္ဂများက အခမ်းအနားများ ကျင်းပလေ့ရှိသည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – ဝေယံထွန်း (ပဉ္စမလှိုင်း မီဒီယာ)

Leave a Reply