စာမေးပွဲဖြေဆိုချိန်အတွင်း မေးခွန်းလွှာများ လူမှုကွန်ရက်စာမျက်နှာသို့တင်ခဲ့သူကို ၆၆(ဃ) ဖြင့်အမှုဖွင့်

0
143

ပဲခူး၊ မတ် ၁၃၊ ၂ဝ၁၈

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများတွင် စာမေးပွဲစစ်ဆေးနေစဉ်၌ မေးခွန်းများအား လူမှု ကွန်ရက်ဖေ့စ်ဘုတ်ခ်စာမျက်နှာသို့တင်ခဲ့သော Sayar Bone အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် အရေး ယူထားကြောင်း အမှတ်(၂)နယ်မြေ ရဲစခန်းထံမှ သတင်းရရှိသည်။

မတ် ၁၂ ရက် ၁ဝ နာရီခွဲအချိန်ခန့်က ဒေါ်မေသက်နွယ် ဒုတိယ ညွှန်ကြား ရေးမှူး(စီမံ) ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးသည် တာဝန်ထမ်းဆောင် နေစဉ် တစ်ရုံးတည်းနေ ဒုဦးစီးမှူး ဖြစ်သူက လူမှုကွန်ယက်ဖြစ်သော Facebook ၌ ယနေ့ကျင်းပသော ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၊ စတုတ္ထနေ့၊ဓါတုဗေဒဘာသာရပ်မေးခွန်းများ Onlineပေါ်တွင် Sayar Bone အကောင့်ဖြင့် တင်ထားသည်ကို တွေ့ရှိကြောင်း တင်ပြခဲ့ရာမှ မေးခွန်းများအား အွန်လိုင်းပေါ်တင်ခဲ့သည့်အကောင့်ပိုင်ရှင်အား အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစခန်းမှ သိရသည်။

“အွန်လိုင်းတင်ခဲ့တဲ့ အကောင့်ပိုင်ရှင်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။ စစ်ဆေးတွေ့ရှိချက် အပေါ်မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာပါ” ဟု အမှတ်(၂)နယ်မြေရဲစခန်း မှ အမှုစစ်အရာရှိ ဒုရဲအုပ်ကျော်သီဟက ပြောသည်။

တိုင်ကြားခံရသည့် Sayar Bone အကောင့်အားဖွင့်ကြည့်စစ်ဆေးရာတွင် မတ်လ ၉ ရက်တွင် ကျင်းပဖြေဆိုခဲ့သည့် သင်္ချာဘာသာမေးခွန်းကိုလည်း ယင်းနေ့ ၁ဝ နာရီခွဲအချိန်ခန့်၌ပင် အွန်လိုင်းပေါ်သို့တင်ခဲ့သည်ကိုတွေ့ရှိ ရကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီလုပ်ရပ်က ကျွန်မတို့ပညာရေးဌာနရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်တာလို့မြင်တယ်။ ကျွန်မတို့ဌာနရဲ့စည်းကမ်းချက်ထဲမှာလည်းပါပါတယ်၊ စာမေးပွဲစစ်ဆေးပြီးချိန်ဖြစ်တဲ့ နေ့လည်၁၂နာရီမထိုးမချင်း မေးခွန်းလွှာတွေကို အပြင်ကိုခိုးထုတ်တာ၊ ဖြန့်ဝေတာ လုပ်ခွင့်မရှိပါဘူး”ဟု တိုင်းပညာရေးမှူးရုံးမှ ဒုညွှန်မှူး(စီမံ)ဒေါ်မေသက်နွယ်က ပြောသည်။

အထက်ပါ ဖြစ်စဉ်အား ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်ဆင့်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသက်နွယ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇင်၊ ဒုတိယဦးစီးမှူး ဦးသီဟထွန်းတို့မှ တရားလိုပြုလုပ်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း မှတ်တမ်းများအရ သိရသည်။

တိုင်ကြားထားမှုနှင့်စပ်လျဉ်းပြီး အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၂၂၃/၂၀၁၈ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း အဆိုပါစခန်းမှ သိရသည်။

မိုးမြေ

Leave a Reply