အကယ်ဒမီပွဲသတင်းယူရန် အွန်လိုင်းမီဒီယာများ ၀င်ကြေး ၅သိန်းပေးရမည်

0
132

ရန်ကုန် ၊ မတ် ၁၃ ၊ ၂၀၁၈

၂၀၁၇ခုနှစ်အတွက် ပေးအပ်မည့် အကယ်ဒမီဆုပေးပွဲအခမ်းအနားကို မတ်လ၂၃ရက်နေ့တွင်ရန်ကုန်မြို့မင်းဓမ္မလမ်းရှိMEPတွင်ကျင်းပမည်ဖြစ်ပြီး အွန်လိုင်းမီဒီယာများသတင်းရယူရန်အတွက်ဝင်ကြေး ကျပ်၅သိန်း ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင်ယနေ့ ကျင်းပ သည့်ရုပ်ရှင်အစည်းအရုံးနှင့်သတင်းမီဒီယာများ၏အစည်းအဝေးပွဲတွင်
ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

အကယ်ဒမီပွဲတွင် အွန်လိုင်းသတင်းဌာနများ အနေဖြင့် ၀င်ကြေး ကျပ် ငါးသိန်း ပေးမှသာ သတင်းရယူ ရိုက်ကူးခွင့်ရှိမည်ဖြစ်ပြီး Live ရိုက်ကူး ထုတ်လွှင့်မှုကို မူခွင့်ပြုသွားမည်မဟုတ်ပဲ ၀င်ကြေး ၅သိန်းကျပ် ပေးဆောင် ရခြင်းမှာ သတင်းစာ ၊ ဂျာနယ် နှင့် မဂ္ဂဇင်းတို့အတွက်အကျုံးမ၀င်ကြောင်း အဆိုပါအစည်းအဝေးသို့တက်ရောက်ခဲ့သည့် အွန်လိုင်းသတင်းဌာန တစ်ခုမှ သတင်းထောက်တစ်ဦးကပြောသည်။

“ဒီနေ့အစည်းအဝေးတက်တဲ့သတင်းဌာနတွေကတော့တော်တော်များ တယ်။ အွန်လိုင်းမီဒီယာတွေက ၀င်ကြေးငါးသိန်းပေးရမယ် ။တရားဝင် အွန်လိုင်း မီဒီယာတွေကများတော့ ဘယ်ဌာနတွေသ တင်းရယူခွင့် ရှိတယ် ဆိုတာကို ရုပ်ရှင်အစည်းအရုံးကစီစစ်ဆုံးဖြတ်ပြီး သတင်းရယူခွင့်ရတဲ့ ဌာနက နှစ်ယောက်ဝင်ခွင့် ရမယ်”ဟု အစည်းအဝေး တက်ရောက်ခဲ့ သည့်သတင်းထောက်ကဆိုသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးဇင်ဝိုင်းနှင့် ဒုဥက္ကဋ္ဌဦးအေးကြူလေးတို့တက်ရောက် ခဲ့ကြောင်းသိရသည်။

“စီးပွားဖြစ်ရုပ်သံရိုက်ကူးတာတို့ ဓါတ်ပုံရိုက်ပြီး စာအုပ်ထုတ်တာတို့ ဆိုရင်ကတော့မပြောလိုပါဘူး ။ သတင်းရယူခွင့်အတွက် ငွေကြေးနဲ့ ကန့်သတ်တာကတော့ သဘာဝကျတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်ကပြောသည်။

အဆိုပါကိစ္စအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အနေဖြင့် သိရှိခြင်း မရှိသေးကြောင်းဦးမြင့်ကျော်ကပြောသည်။

ယမန်နှစ်ကကျင်းပခဲ့သည့် အကယ်ဒမီဆုပေးပွဲတွင် အွန်လိုင်း မီဒီယာများ အနေဖြင့် ၀င်ကြေး ၃သိန်းကျပ်ပေးကာ သတင်းရယူခဲ့ရပြီး ယခုနှစ်တွင် အွန်လိုင်းမီဒီယာများအားသတင်းရယူခွင့်မပြုတော့ကြောင်းသတင်းများ
ထွက်ပေါ်ခဲ့ ကာ ယခုအစည်းအဝေးတွင် ၅သိန်းကျပ်ဝင်ကြေးပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သည့် သတင်းထောက်ကပြောသည်။

မြန်မာနိုင်ငံတွင် တရားဝင်အခွန်ဆောင်ထားသည့် အွန်လိုင်းမီဒီယာ ၉၆ခု ရှိကြောင်းသိရသည်။

ကိုဥာဏ်

ဓာတ်ပုံ – အင်တာနက်

Leave a Reply