သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိသော ကလေးနို့မှုန့်နှင့် ဖြည့်စွက် အာဟာရ ထုတ်ကုန်များ စစ်ဆေးတွေ့ရှိ

0
193

ရန်ကုန်၊ မတ်၁၃၊ ၂၀၁၈

ပြည်တွင်းဈေးကွက်အတွင်း သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိသော ကလေးနို့မှုန့်နှင့် ဖြည့်စွက် အာဟာရ ထုတ်ကုန်များ စစ်ဆေးတွေ့ရှိကြောင်း
ယနေ့ ကျင်းပသော Save the Children ၏အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားမှ သိရသည်။

ကလေးနို့မှုန့်များ၏ ဈေးကွက်မြှင့်တင်ရေး အခြေအနေများသည် မြန်မာ ကလေးငယ်များ၏ ကျန်းမာရေးကိုခြိမ်းခြောက်နေပြီး ယင်းနို့မှုန့်များ နှင့် ကလေးဖြည့်စွက် အာဟာရမှုန့်များကို သုတေသနစစ်ဆေးမှု လုပ်ဆောင် ရာတွင် သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိသော ထုတ်ကုန်များကို စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှသိရသည်။

နို့စို့ကလေးနှင့်ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်း ဆိုင်ရာအမိန့် ကို ၂၀၁၄ခုနှစ် ဇူလိုင်လ၂၄ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမိန့်၌ ပါဝင်သောသတ်မှတ် ချက်များဖြစ်သည့် အသက်၆ လမှ ၂နှစ် အရွယ်ကလေးငယ် များအသုံးပြု ရန်ထုတ်လုပ် တင်သွင်းဖြန့်ဖြူးထားသော အစားအသောက်များ တွင် တိကျ သေချာသော အညွှန်းများထည့်သွင်းဖော်ပြပေးရန် ၊နိုင်ငံခြား အမှတ်တံဆိပ် များ ဖြစ်ပါက မြန်မာစာအညွှန်းများ ပါဝင်ထည့်သွင်းပေးရန် စသော အချက် များကို ဈေးကွက်အတွင်းရောင်းချနေသော ထုတ်ကုန် များက လိုက်နာခြင်းရှိ မရှိကို သုတေသန ပြုလုပ် စစ်ဆေးရာတွင် ထုတ်ကုန်ပစ္စည်း အမျိုးပေါင်း ၈၀ကျော် ကိုစစ်ဆေးရာ ၌လိုက်နာခြင်းမရှိသော ပစ္စည်း ၁၁မျိုးကိုတွေ့ရှိ ရကြောင်းသိရသည်။

“၂၀၁၄ကတည်းက ဥပဒေကဲ့သို့အာဏာတည်တဲ့အမိန့်ကို နို့စို့ကလေးနဲ့ ကလေးငယ်တွေအတွက် အန္တရာယ်ကင်းအောင် အမိန့်ထုတ်ပြန် ထား တယ်။ ရည်ရွယ်ချက်က မိခင်နို့တိုက်တာကို အားပေးဖို့ မဖြစ်မနေတိုက် ရမယ်ဆိုရင်လည်း ဒါတွေက ဖော်မြူလာ နို့တွေတိုက်မယ်ဆိုလည်း မိခင်နို့တိုက်တာကို အနှောက်အယှက် မဖြစ်အောင် အာဏာတည်သော အမိန့်လေးနဲ့ထိန်းချုပ်ထားတယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။ မိခင်နို့မှာ ပါတဲ့အချို့သောဒြပ်ပေါင်းတွေကဖော်မြူလာနို့မှာမပါနိုင်ပါဘူး။ ဗမာ စာ အထူးသတိပြုရန်အချက်တွေဖျော်ရမယ့်ရေနွေးကအစအပူချိန်ကသတ်မှတ်ထားပြီးသား။ ကလေးကိုတိုက်ကျွေးဖို့ ဖျော်စပ်နည်းတွေပါအသေးစိတ် စစ်ဆေးရပါတယ်။ပြီးခဲ့တဲ့နှစ်က အသေးစိတ် စစ်ဆေးမှု လုပ်ခဲ့ပါတယ်။ ဆာဗေးမှာ သတ်မှတ်ချက်နဲ့မကိုက်တာတွေတွေ့ပါတယ်။”ဟု ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ရန်ကုန်တိုင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဥမ္မာစိုးဝင်း ကပြောသည်။

မိခင်နို့တိုက်ကျွေးခြင်း သည် အကျိုးကျေးဇူး များပြား သည်ကို ကမ္ဘာ တစ်ဝှမ်း သဘောတူလက်ခံထားကြသော်လည်း ယနေ့ခေတ်တွင် ကလေးငယ်များကို နို့မှုန့်တိုက် ကျွေးခြင်းသာများပြားနေကြကာ မိခင်နို့အစားထိုး ကလေးနို့မှုန့်များ၏ လုပ်ငန်းသည် ကမ္ဘာ့စီးပွား ရေး ၏သုံးဆ အထိလျှင်မြန်စွာတိုးတက်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းWHOကဖော်ပြထားသည်။

“မြန်မာနိုင်ငံမှာ မိခင်နို့တစ်မျိုးထဲ တိုက်ကျွေးနှုန်းက၅၀ရာခိုင်နှုန်းပဲ ရှိပါတယ်။ အမေရဲ့မိခင်နို့ထဲမှာ ကလေးတွေကိုရောဂါကာကွယ်ပေးတဲ့ ဓာတ်တွေပါတယ်။ မိခင်နို့မတိုက်လိုက်ရင်ကလေးသည် မိခင်နို့မှာပါတဲ့ ရောဂါကာကွယ်တဲ့ ဓာတ်တွေကိုမရတော့ပဲကလေးကခဏခဏ နေမကောင်းဖြစ်တယ်။ ဒါကမြန်မာနိုင်ငံ တစ်ခုတည်းတင်မကပဲတစ်ကမ္ဘာ လုံးမှာ ဒီအတိုင်းပဲဖြစ်ပါတယ်။”ဟု Save the Children မှ Nutrition Advocay Advisor ဖြစ်သူ ကိုစိုးညီညီ က ကလေးနို့မှုန့်များအကြောင်း အစီရင်ခံစာနှင့်ပတ်သက်၍ပြောကြားသည်။

ကလေးနို့မှုန့် များ၏ဈေးကွက်မြှင့်တင်ရေးသည် မြန်မာကလေးငယ်များ၏ ကျန်းမာရေးအား ခြိမ်းခြောက်နေပြီး အသက်၆လမှ ၂နှစ် ကျော် အထိ ကလေးများအားမိခင်နို့ဆက်လက် တိုက်ကျွေးနိုင် ရေးအတွက် တွန်းအား ပေးသည့် Save the Children၏ အစီရင်ခံစာ တစ်ခု ထုတ်ပြန်ခြင်းကို မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ တာမွေမြို့နယ် ၊ဖိုးစိန်လမ်းရှိ Best Western Green Hill ဟိုတယ်၌ ကျင်းပခဲ့သည်။

မေစု

Leave a Reply