စစ်​အစိုးရလက်​ထက်​ကလုပ်​​ဆောင်​ခဲ့သည့်​ ကြက်ဆူစိုက်​ခင်းများဖျက်​သိမ်းရန်​ ဒုသမ္မတ ညွန်ကြား

0
176

ပဲခူး၊ မတ်​ ၁၄၊ ၂ဝ၁၈

စစ်​အစိုးရလက်​ထက်​က ဇီဝဒီဇယ်​ထုတ်​လုပ်​ရန်​ဟုဆိုကာ စိုက်​ပျိုး​စေ ခဲ့သည့်​ ကြက်​စူပင်​စိုက်​ခင်းများအားဖျက်​သိမ်းကာ အခြားနှစ်​ရှည်​ပင်​များအစားထိုးစိုက်​ပျိုးရန်​ ဒုတိယသမ္မတဦးဟင်​နရီဗန်​ထီးယူကညွှန်​ကြားထား​ကြောင်း ပဲခူးတိုင်း​​ဒေသကြီး သစ်​​တောဦးစီးဌာနမှ သတင်းရရှိသည်​။

အမျိုးသားခရီးသွားလုပ်​ငန်းဖွံ့ဖြိုးတိုးတက်​​ရေးဗဟို​ကော်​မတီဥက္ကဋ္ဌဦးဟင်​နရီဗန်​ထီးယူသည်​ ပဲခူးတိုင်း​ဒေသကြီးသို့ ပြီးခဲ့သည့်​ရက်​များအတွင်း ကလာ​ရောက်​ခဲ့ပြီး​ သစ်​​တောဦးစီးဌာနတာဝန်​ရှိသူများအား အထက်​ပါကဲ့သို့ ညွှန်​ကြားခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်​။

“နိုင်ငံ​တော်ဒုတိယသမ္မတရဲ့လမ်းညွှန်မှုအတိုင်းစတင်အ​ကောင်အထည်​​ဖော်​နိုင်​ဖို့ စိစစ်​မှု​တွေ ပြုလုပ်​​နေပါတယ်​။ ကြက်​ဆူစိုက်​ခင်း​တွေကို ဖျက်​သိမ်းပြီး​တော့ အခြားသင့်​​တော်​တဲ့ နှစ်​ရှည်​သစ်​ပင်​​တွေ စိုက်​ပျိုးသွားမှာ ပါ”ဟု တိုင်း​ဒေသကြီး သစ်​​တောဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူး ဦး​ဇော်​ဝင်းမြင့်​က ​ပြောသည်​။

လက်​ရှိအ​ခြေအ​နေတွင်​ ပဲခူးတိုင်း​ဒေသကြီးအတွင်း၌ ပဲခူးအပိုင်​တွင်​ ကြက်​ဆူပင်​စိုက်​ခင်း ဧက ၁၃ဝဝ၊ ရန်​ကုန်​-ပဲခူး-မန္တ​လေးတိုင်းတို့ထိစပ်​​နေသည့်​ ပဲခူးရိုးမ​ပေါ်တွင်​ ဧက ၁၈ဝဝ နှင့်​ စုစု​ပေါင်း ဧက​ပေါင်း ၃၁ဝဝ ရှိ​နေ​ကြောင်း ၎င်းက ဆက်​​ပြောသည်​။

အဆိုပါ ဇီဝဒီဇယ်​ထုတ်​လုပ်​ရန်​ဟူသည့်​ ကြက်​ဆူပင်​စိုက်​ပျိုး​ရေး စီမံကိန်း များကို စစ်​အစိုးရလက်​ထက်​ ၂ဝဝ၈ ခုနှစ်​နှင့်​ ၂ဝဝ၉ ခုနှစ်​ဝန်းကျင်​တို့တွင်​ စတင်​ခဲ့ခြင်းဖြစ်​ကာ ယင်းစီမံကိန်းများအ​ပေါ် ​ဝေဖန်​မှုများ ထွက်​​ပေါ်ခဲ့သည့်​ သာဓကများလည်း ရှိခဲ့သည်​။

ထိုသို့​ဝေဖန်​​ပြောဆိုမှုများအနက်​ လက်​ရှိနိုင်​ငံ​တော်​အတိုင်​ပင်​ခံတာဝန်​ကို ထမ်း​ဆောင်​လျှက်​ရှိသူ ​ဒေါ်​အောင်​ဆန်းစုကြည်​၏ ​နေ့နံတို့ဖြင့်​ ​ဗေဒင်​ကိန်းဂဏန်းများအရ ကက်​ကင်းရိုက်​သည်​ဟုပင်​ ​ပြောဆို​ဝေဖန်​မှုများလည်း ထွက်​​ပေါ်ခဲ့ဖူးသည်​။

မိုး​မြေ

ဓာတ်ပုံ – အင်တာနက်

Leave a Reply