ပူတာအို ၊ ဆွမ်ပရာဘွမ် တွင် ဆန်နှင့် စက်သုံးဆီဈေးနှုန်းများပြန်လည် ကျဆင်း

0
172

ရန်ကုန် ၊ မတ် ၁၄ ၊ ၂၀၁၈

လမ်းတံတားများပြန်လည်တည်ဆောက်ပြီးစီးခြင်းနှင့် အရပ်သား ကုန်ကား များပြန်လည်ဝင်ရောက်နိုင်မှုကြောင့် ပူတာအိုနှင့် ဆွမ်ပရာဘွမ်တွင် ဆန်နှင့် စက်သုံးဆီဈေးနှုန်းများပြန်လည်ကျဆင်းခဲ့ပြီဟု ပူတာအိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးမိုးရွှေကပြောသည်။

“အရပ်သားကုန်ကားတွေသွားလာနိုင်ပြီဆိုတာနဲ့ကို ကျေးဇူးတွေတင်နေတာ ဈေးနှုန်းတွေကသိသိသာသာကိုကျလာ တာ ။အခုတော့ ဒေသခံတွေလည်း တော်တော်လေးကို အဆင်ပြေလာပါပြီ”ဟု ဦးမိုးရွှေကပြောသည်။

ဇန်န၀ါရီ ၂၈ရက်နေ့က KIAမှ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်း ပေါ်ရှိ တံတားလုပ်ငန်းနှင့် လမ်းပိုင်း ပြုပြင်ခြင်းလုပ်ငန်းများကို ဖျက်စီးခဲ့ပြီးနောက် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲ ၈ကြိမ်အထိရှိခဲ့ပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း တပ်မတော်က မတ်လ ၁၂ရက်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။

မတ်လ ၅ရက်နေ့တွင် ပျက်စီးသွားသည့်လမ်းပိုင်းနှင့် တံတားများကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီးနောက် အရပ်သား ကုန်ကားများပြန်လည် သွားလာနိုင်ခဲ့ပြီး တပ်ပိုင်မော်တော်ယာဉ်များဖြင့် မတ် ၇ ရက်တွင် မြစ်ကြီးနားမြို့ရှိ သက်သာ ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများကို ပို့ဆောင် ပေးခဲ့ရာ မတ် ၁၀ ရက်တွင် ပူတာအိုမြို့သို့ရောက်ရှိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်အရသိရသည်။

“အရင်လက ဆန်တစ်အိတ်ကို ရှစ်သောင်းကျော် တစ်သိန်းနီးပါး အထိပေးဝယ်ရတယ်။ အခုတော့ လေးသောင်းခွဲနဲ့ ငါးသောင်း နီးပါးလောက်ဖြစ်သွားပြီ ။ စက်သုံးဆီက တစ်ပုလင်းကို ရှစ်ထောင် လောက်ပေးရတာဆိုတော့ တစ်ဂါလံ လေးသောင်းလောက်နဲ့ဝယ်ခဲ့ရတယ် အခုတော့ တစ်ပုလင်း တစ်ထောင့်ငါးရာလောက်ပဲရှိတော့တယ် ၁၀၀၀အထိ တောင်ကျသွားပြီ”ဟု ဦးမိုးရွှေကဆိုသည်။

လမ်းပိုင်းပြန်လည်ဖွင့်လှစ်အပြီးတွင်တပ်မတော်နှင့် KIAတို့ထိတွေ့တိုက်ပွဲ များမရှိသေးပွဲ အရပ်သားကုန်ကားများပြန် လည်သွားလာရာတွင် လုံခြုံရေးအရအခက်အခဲမရှိကြောင်း၎င်းကပြောသည်။

ကချင်ပြည်နယ် တနိုင်းဒေသအတွင်း KIAမှ ရွှေနှင့်ပယင်း တရားမ၀င် တူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့်ဂေဟ စနစ်ကို ပျက်စီး စေသောကြောင့် တပ်မတော်က ၂၀၁၇နိုဝင်ဘာ ၁၅ရက်နေ့မှ စတင် တားဆီးရှင်းလင်းမှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်း၌ KIA က လမ်းလုပ်ငန်း ဆောင်ရွက် ခြင်း နှင့် တံတားများကိုဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကိုဥာဏ်

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Leave a Reply