မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွင် ရဲတပ်သားတစ်ဦးပါဝင်ပတ်သက်နေ

0
195

မန္တလေး၊ မတ် ၁၅၊ ၂၀၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့ နယ် မန္တလေး – ပြင်ဦးလွင်ကားလမ်း စောမွန်လှ ဘုရားရှေ့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွင် ရဲတပ်သားတစ်ဦး ပါဝင်ပတ်သက်နေကြောင်း သတင်းရရှိသည်။

မတ် (၁၃) ရက်နေ့က မူးယစ်တပ်ဖွဲ့ နှင့် နယ်မြေခံရဲများပူးပေါင်းပြီး သတင်း အရ မန္တလေး – ပြင်ဦးလွင်ကားလမ်း စောမွန်လှဘုရားရှေ့တွင် စောင့်ဆိုင်း နေစဉ် မသင်္ကာဖွယ်ဆိုင်ကယ်စီးလာသူ အမျိုးသမီးကို ရှာဖွေစစ်ဆေးရာ ယာဘက်လက်မှာ ကိုင်ထားသောကျွတ်ကျွတ်အိတ်ထဲတွင် စိတ်ကြွ ရူးသွပ်ဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းအမျိုးသမီး ကိုင်ဆောင်လာသည့် ကျွတ်ကျွတ်အိတ်အတွင်း၌ တိပ် အမည်းဖြင့်ပတ်ပြီးအပြာရောင် ပလပ်စတစ်ကပ်ခွာအတွင်းထည့်၍ စွဲနေပြီ တံဆိပ်ပါအိတ်ခွံဖြင့်ထပ်မံထည့်ထားသော (88/1) စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၀၀) ပြားပါတစ်ထုပ် နှင့် (၁၉၀) ပြားပါတစ်ထုပ် တို့ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် မသန်းသန်းစိုး (၃၈) နှစ်အား ဆက်လက်စစ်ဆေးမှုများပြုလုပ်ရာ ၄င်းအနေဖြင့် ယခုသယ်ဆောင် လာသည့် မူးယစ်ဆေးဝါးများကို ပြန်လည်ရောင်းချရန်အတွက် မတ်လ (၁၃) ရက်နေ့က အမှတ် (၁၀) ရဲစခန်းမှ ရဲတပ်သား နေထက်လင်းထံမှ မူးယစ်ဆေးဝါး နှစ်ထုပ်လျှင် ငွေကျပ် (၆) သိန်းဖြင့် ငွေတစ်ဝက်ပေး၍ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် မတ်လ (၁၄) ရက်နေ့က သိပ္ပံလမ်း ၆၇ လမ်း နှင့် ၆၈ လမ်းကြားတွင် ကျန်ငွေတစ်ဝက်ကို လာယူသော ရဲတပ်သား နေထက်လင်းကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမှုများဆောင်ရွက်နေသည်။

“ကျွန်တော်တို့ ဘာမှ ပြောလို့မရသေးဘူးဗျ ။ ခုမှ စစ်ဆေးနေတုန်း ရှိသေးတယ်။ အမှုပြီးပြတ်မှပဲ ပြောလို့ရမယ်”ဟု ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ မသန်းသန်းစိုး နှင့် ရဲတပ်သား နေထက်လင်း တို့ကို အောင်ပင်လယ်နယ်မြေခံရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ကာကွယ် တားဆီးရေးဥပဒေ ပုဒ်မ၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply