ရုရှားသံတမန် ၂၃ ဦးကို နိုင်ငံတွင်းမှ နှင်ထုတ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ပြောဆို

0
128

လန်ဒန် မတ် ၁၅

ဗြိတိန်၌ နေထိုင်နေသည့် ရုရှားသူလျှိုဟောင်းကို အာရုံကြောအဆိပ်ဖြင့် လုပ်ကြံခဲ့သည့်အတွက် ရုရှားကို အပြစ်ပေးသည့် အနေဖြင့် ဗြိတိန်ဝန်ကြီး ချုပ် ထရီဆာမေသည် ရုရှားသံတမန် ၂၃ ဦးကို ဗြိတိန်မှနှင်ထုတ်ပြီး ရုရှားနှင့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအပါအဝင် အဆင့်မြင့်တန်း ဆက်ဆံရေးများကို ဖြတ်တောက်ခဲ့သည်။

မတ် ၄ ရက်တွင် ဆလစ်ဘာရီမြို့၌ ဆိုဗီယက်ခေတ်က ထုတ်လုပ်ခဲ့သည့် နိုဗီချော့ အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရ သည့်အကြောင်း အရင်းကို ရှင်းလင်းရန် တောင်းဆိုခဲ့သော်လည်း ရုရှားဘက်က တစ်စုံတရာ တုံ့ပြန်ခြင်းမပြုခဲ့သောကြောင့် ယခုကဲ့သို့ တုံ့ပြန်ရခြင်းဖြစ်ကြောင်း မေက လွှတ်တော်သို့ပြောဆိုခဲ့သည်။

မတ် ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင်လည်း အမေရိကန်ပြည်ထောင်စုက ရုရှားဘက်မှ ရပ်တည်ပြီး သူလျှိုဟောင်း ဆာဂေစကရီပယ်နှင့် သမီးဖြစ်သူ ယူလီယာတို့ တိုက်ခိုက်ခံရမှုမှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း မော်စကိုက ပြောဆိုခဲ့မှုကို လက်မခံဟု ပြောဆိုခဲ့သည်။

ဗြိတိန်ရှိ လူနှစ်ဦးကို စစ်ဘက်သုံးအာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်ခဲ့ခြင်း အတွက် ရုရှားတွင် တာဝန်ရှိသည်ဟု အမေရိကန်ပြည်ထောင်စုက ယုံကြည်ပါကြောင်း ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာ လေက ပြောဆိုခဲ့သည်။ နေတိုးမဟာမိတ်များကလည်း ဗြိတိန်ကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။

ထောက်လှမ်းရေးအရာရှိများဟု ယူဆရသည့် ရုရှားသံအမတ် ၂၃ ဦးသည် တစ်ပတ်အတွင်း ဗြိတိန်မှ ထွက်ခွာရမည်ဖြစ်ကြောင်း မေကပြောဆိုခဲ့ သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဗ်ရော့ကို ဖတ်ခေါ် ထားမှု အပါအဝင် ရုရှားနှင့် အဆင့်မြင့်တန်းဆက်ဆံရေးအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း မေက ဆက်လက်ပြောဆိုခဲ့သည်။

ဗြိတိန်အတွက် အန္တရာယ်ရှိမည့် ရုရှားနိုင်ငံသားများကို ပစ်မှတ်ထား ရှာဖွေခြင်း၊ ဗြိတိန်ရှိ ၎င်းတို့၏ပိုင်ဆိုင်မှုများကို ပိတ်သိမ်းခြင်းနှင့် နယ်စပ် သို့ရောက်ရှိလာသူများကို ဖမ်းဆီးခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း မေက သတိပေးခဲ့သည်။ ယခုနှစ်အကုန်ပိုင်းတွင် ရုရှား၌ ပြုလုပ်မည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲသို့ တော်ဝင်မိသားစုဝင်များနှင့် ဗြိတိန်ဝန်ကြီးများ တက်ရောက်မည်မဟုတ်ချေ။

ဗြိတိန်၏သပိတ်မှောက်မှုကြောင့် အားကစားပြိုင်ပွဲထိခိုက်သွားမည် မဟုတ်ကြောင်း ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ အလက်ဇီဆိုရိုကင်ကပြောဆိုခဲ့သည်။ သံတမန်များကို နှင်ထုတ်ခြင်း သည် လုပ်ထုံးလုပ်နည်းဖြစ်ပြီး ရုရှားက တင်းတင်းမာမာတုံ့ပြန်မည် မထင်ကြောင်း လန်ဒန်တက္ကသိုလ် ကင်းစ်ကောလိပ်ရှိ ရုရှားအင်စတီကျု ၏အကြီးအကဲ ဆမ်ဂရင်းကပြောဆိုခဲ့သည်။

အဆိပ်ဖြင့် တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် ဗြိတိန်က တောင်း ဆိုခြင်းကို ရုရှားက မထီလေးစားဖြင့် တုံ့ပြန်ခဲ့ကြောင်း မေက မတ် ၁၄ ရက်တွင် ပြောဆိုခဲ့သည်။ သို့သော် ဗြိတိန်သည် ဓာတုလက်နက် များဖျက် သိမ်းရေးအဖွဲ့၏စည်းမျဉ်းစည်းကမ်းများအရ စုံစမ်းစစ်ဆေးရန် ပျက်ကွက် ခဲ့ပြီး တိုက်ခိုက်သည့် အဆိပ်နမူနာကို ရုရှားသို့ ပေးပို့ရန် တောင်းဆိုခြင်း ကိုလည်း ပယ်ချခဲ့ကြောင်း ရုရှားအစိုးရကပြောဆိုခဲ့သည်။

Source:AFP

ရိုးမြေ

Leave a Reply