စပါးကြမ်းခင်းဈေး သတ်မှတ်ခြင်းအပေါ် တွက်ခြေမကိုက်သည့် တောင်သူ အချို့ရှိနေ

0
187

ရန်ကုန်၊ မတ် ၁၅၊ ၂၀၁၈

ယခုနှစ် နွေစပါးနှင့်မိုးစပါးပေါ်ချိန်အတွက် စပါးကြမ်းခင်းဈေး ကျပ် ၅သိန်း သတ်မှတ်ပေးခြင်းအပေါ် တွက်ခြေကိုက်သည့် လယ်စိုက်တောင်သူများ ရှိသကဲ့သို့ တွက်ခြေမကိုက်သည့် လယ်သမားများလည်းရှိကြောင်း တောင်သူလယ်သမားများထံမှသိရသည်။

နွေးစပါးအတွက် မျိုးစပါး ၀ယ်ယူရာတွင် ၈သိန်းမှ ၁၀သိန်းဈေး အထိ ပေးဝယ်နေရပြီး ရေတင်ခ၊ထွန်စက်ခုတ်ခနှင့် ပေါင်းသတ်ဆေးများ ဖျန်းရသောကြောင့် လက်ရှိသတ်မှတ်ပေးသည့် ကြမ်းခင်းဈေးနှုန်းမှာ တွက်ခြေ ကိုက်မှု မရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ လယ်သမား ဦးမြင့်ဆန်းကပြောသည်။

“ဒီ ၅သိန်းဈေးနဲ့တော့ မကိုက်ပါဘူး။တောင်သူတွေအတွက် ရှုံးတောင် ရှုံးနေပါသေးတယ်။ မျိုးစပါးဈေးနှုန်းကလဲကြီးတယ်။ရေတင်ခ ၊ထွန်စက် ခုတ်ခ ၊ပေါင်းသက်ဆေးတွေဖြန်းရတာနဲ့ဆို မကိုက်ဘူး။ အခုသတ်မှတ် ပေးတဲ့ အပေါ်မှာ တွက်ချက်ကြည့်တာ လုံးဝမကိုက်ဘူး။မနှစ်က ပဲတီစိမ်း လုပ်တုန်းက ၆သိန်းလောက်ရတာ ကိုယ့်အတွက် ၃သိန်းလောက် ကျန်တယ်။ နွေစပါးကျတော့ ရိတ်ရင် အလုပ်သမား ငှားရိတ်ဖို့ကလဲ ဦးတို့ဆီမှာ မလွယ်ဘူး။စက်ယန္တရားတွေနဲ့ပဲ လုပ်ရတာပါ။”ဟု ၎င်းကပြောသည်။

စပါးရိတ်သိမ်းချိန်တွင် အလုပ်သမားငှားရန်မလွယ်ကူသောကြောင့် စက် ယန္တရားများနှင့်သာ ငှားရမ်းလုပ်ဆောင်ရကာ ၁ ဧက လျှင် ၄သောင်းခန့် ပေးရပြီး လယ်စိုက်ပျိုးရာတွင် သွင်းအားစု ကုန်ကျစရိတ်သည် လယ်ယာမြေ အကောင်း၊အဆိုးပေါ်တွင် ဓာတ်မြေသြဇာ သုံးရသည့် ပမာဏပေါ် မူတည်၍ ကုန်ကျစရိတ် ကွာခြားကြောင်းသိရသည်။

လက်ရှိစပါးစတင်ရိတ်သိမ်းသည့်အချိန်တွင် စပါးပေါက်ဈေးသည် တင်း ၁၀၀ ကို ၆ သိန်းဝန်းကျင်ခန့်ရှိ၍ စပါးရိတ်သိမ်းပြီးသည့်အချိန်တွင် ဈေးနှုန်း များကျဆင့်လေ့ရှိပြီး အဆိုပါ ကြမ်းခင်းဈေးနှုန်းသည် နွေစပါးကမိုးစပါးထက် အထွက်နှုန်းပိုကောင်းသောကြောင့် လယ်သမားများအတွက် တွက်ခြေ ပိုကိုက်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၊ အိမ်ယာကြီး ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးတင့်ဆွေကပြောသည်။

“ဦးတို့ဘက်မှာ စပါးကို ပေါင် ၁၀၅ မူးတိုက်နဲ့ရောင်းတာပါ။ ၄၆ပေါင်တိုက် ဆိုရင်တော့ ဒီ ၅သိန်းဈေးနဲ့ကိုက်တယ်။ ပေါင် ၁၀၅မူးတိုက်နဲ့ဆိုရင်တော့ ဒီဈေးက နဲနဲနည်းတယ်။နွေစပါးက မိုးစပါးထက် သွင်းအားစုက ၃ပုံ ၂ပုံလောက် ပိုကုန်တယ်။ ၅သိန်းလောက်ဆိုရင်တော့ လယ်သမားတွေ အတွက်မဆိုးပါဘူ။ အဲ့ဈေးအောက်ရောက်သွားရင် လယ်သမားတွေလဲ မကိုက်ဘူး။ မိုးတွင်းဆို ဒီဘက်မှာ ခရုတွေဖျက်တာတို့ ဘာတို့ဆိုရင် တချို့လယ်သမားတွေလဲ တော်တော်လေးဆုံးရှုံးကြတယ်။”ဟု ၎င်းကပြောသည်။

အစိုးရနှင့်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ ယခုနှစ် နွေစပါးနှင့် မိုးစပါးပေါ်ချိန်အတွက် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော်၊ ဖုန်၊သဲ၊ခဲ စသော အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ၄၆ပေါင်တိုက် စပါးတင်း ၁၀၀ ကိုအခြေခံဈေးနှုန်း ကျပ် ၅သိန်း သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အတွင်းရေးမှူး ဦးရဲမင်းအောင်က “အခြေခံစပါးဈေးနှုန်းကို ကြမ်းခင်းဈေးသတ်မှတ်ပေးတဲ့ နှုန်းထားထက် အောက်မကျစေချင်လို့ ကြေညာပေးလိုက်တာပါ။ ၅သိန်းအထက် အရောင်း အ၀ယ်တွေကလဲ သူ့ဟာသူအရောင်းအ၀ယ်က ရှိနေမှာပါ။ ဒီကြမ်းခင်းဈေး ကို တောင်သူလယ်သမားတွေ သဘောကျလက်ခံပါတယ်။ သင့်တင့် မျှတ တဲ့ဈေးနှုန်းလို့လဲ ယူဆကြပါတယ်။”ဟု ဆိုသည်။

အဆိုပါ အခြေခံဈေးနှုန်းကို သတ်မှတ်ပေးထားခြင်းမရှိပါက ဧက အနည်း ငယ်သာ လုပ်ကိုင်နေသည့် တောင်သူလယ်သမားများအနေဖြင့် ဈေးကွက် ၏ သက်ရောက်မှု ဒဏ်ကို ခံစားရမည်ဖြစ်သောကြောင့် ၎င်းတို့အတွက် အဓိကထား ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အနိမ့်ဆုံး စပါးကြမ်းခင်း ဈေးနှုန်း သတ်မှတ်ပေးခြင်းများကိုလည်း နှစ်အလိုက် ပြောင်းလဲ ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ဝေေ၀ဖြိုး

ဓာတ်ပုံ – အင်တာနက်

Leave a Reply