လှေတိမ်းမှောက်မှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံး

0
127

ရန်ကုန်။ မတ် ၁၆။ ၂၀၁၈

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ရေတွင်းဆိပ်ကျေးရွာ သောင်ဒူမြစ်ကို လှေဖြင့်ဖြတ်ကူးစဉ် လှိုင်းကြီးမှုကြောင့် တိမ်းမှောက်ခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မတ်လ ၁၅ ရက် ၀၀၃၀ အချိန်တွင် လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာ နေ ဦးဌေးဝင်း(၄၄)နှစ်၊ ဇနီးဖြစ်သူ မအနှောင်း(၃၆)နှစ်၊ ဖိုးသင်္ကြန်(၁၄)နှစ်၊ မပြည့်ဖြိုးခိုင် (၆)နှစ်၊ မခက်ခက်ခိုင်(၃)နှစ်နှင့် မချစ်ချစ်ထွေး(၆)လ တို့ ၆ ဦးသည် ဂေါက်ချွန်းလှေဖြင့် အိမ်ထောင် ပရိဘောဂပစ္စည်းများအား တင်ဆောင်၍ သောင်ဒူမြစ်ကို လှော်ခတ်ဖြတ်ကူးစဉ် လေပြင်းတိုက်ခတ်မှု ကြောင့် လှိုင်းကြီးလာပြီး လှေနစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့နစ်မြုပ်မှုအား အနီးရှိ ငါးဖမ်းစက်လှေများရှိလူများမှ ဝိုင်းဝန်း ဆယ်ယူ ခဲ့သဖြင့် ဦးဌေးဝင်းနှင့် ဖိုးသင်္ကြန်တို့ ၂ ဦးအား အသက်ရှင်လျက် ဆယ်ယူ နိုင်ခဲ့ပြီး ၀၄၃၀ အချိန်တွင် မပြည့်ဖြိုးခိုင်ပါ ၃ ဦး၏ အလောင်းအား လည်းကောင်း၊ ၀၈၃၀ အချိန်တွင် မအနှောင်း၏ အလောင်းအား လည်း ကောင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် ပြင်စလူတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြ သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြင်စလူနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၈)ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သျှင်ရဲထွဋ်

Leave a Reply