တိုက်ပွဲများကြောင့် ကျေးရွာများတွင် ပိတ်မိနေသည့် စစ်ဘေးဒဏ်သင့် ပြည်သူ ၂၀၀ ကျော်အား ကယ်တင်နိုင်ခဲ့

0
143

ကျောက်မဲ ၊ မတ် ၁၇၊ ၂၀၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲ များကြောင့် ကျေးရွာများ၌ ပိတ်မိနေသည့် စစ်ဘေးဒဏ်သင့်ပြည်သူ ၂၀၀ ကျော်အား ယင်းဒေသရှိ လူမှုကူညီရေးအသင်းများမှ မတ်လ ၁၆ နေ့က ကယ်ထုတ်လာနိုင်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ အုံအွီးရွာမှ စစ်ဘေးရှောင်ပြည်သူ (၂၁၇) ဦး နှင့် မိုင်းငေါ့မြို့နယ်အတွင်ရှိ မန်ခေါက်ရွာမှ စစ်ဘေးရှောင်ပြည်သူ (၁၁) ဦး စုစုပေါင်း (၂၂၈) ဦး တို့ကို ဇီဝိတဒါန လူမှုကူညီရေးအသင်း၊ ကမ်းလင့်လက်များ၊ နယ်စည်းမခြားမဖွဲ့ စသည့် လူမှုကူညီရာအသင်းများက သွားရောက် ကယ်ဆယ်ကာ ကျောက်မဲမြို့သို့ ခေါ်ဆောင်လာကြောင်း သိရသည်။

“ကျန်သေးတယ် ။ တခြားရွာတွေမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေ အများကြီးကျန်သေးတယ် ။ ဘယ်လိုကူညီမယ် ။ ဘယ်လိုသွားခေါ်မယ် ဆိုတာကတော့ ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်နေတုန်းပဲရှိသေးတယ် ။ အနည်းဆုံး ရွာ နှစ်ရွာက လူ ၃၀၀ ကျော်လောက်ကျန်နေသေးတယ်”ဟု ဇီဝိတဒါန လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က ပြောသည်။

ကျောက်မဲဒေသသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို စားသောက် နေထိုင်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီပေးနေပြီး နယ်မြေခံတပ်များမှလည်း လာရောက်ကူညီစောင့်ရှောက်မှုများရှိကြောင်း ဦးတင်မောင်သိန်း က ဆက်လက်ပြောသည်။

ထို့အပြင် မတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအနီးတွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၅၆၈)နှင့် မြန်မာ့တပ်မတော် ခမရ (၃၂၄)တို့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။

နိုင်လင်းဦး

ဓာတ်ပုံ – Tin Maung Thein

Leave a Reply