ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်တွေကို စာဖတ်သူများ ဖတ်ရှုနိုင်ဖို့အတွက် စုစည်းတင်ပြပေးလိုက်ပါတယ်

0
125

ရန်ကုန် ၊ မတ် ၁၈ ၊ ၂၀၁၈

အရင်ဆုံးတင်ပြမယ့်သတင်းကတော့ ယခုနှစ်ရန်ကုန်သင်္ကြန်မှာ မဏ္ဍပ်၉၅ခု ဆောက်လုပ်ခွင့်ပြုမယ်ဆိုတဲ့ သတင်းလေးကို တင်ပြချင်ပါတယ်။ ယခုနှစ်ရန်ကုန်သင်္ကြန်မှာ မဏ္ဍပ်အမျိုးအစား ၂ မျိုး သတ်မှတ်ပြီး ဖျော်ဖြေရေးမဏ္ဍပ် ၃၅ခုနဲ့ ရေကစားမဏ္ဍပ် ၆၀ ပေါင်း ၉၅ခု ဆောက်လုပ်ခွင့်ပြုထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။ သင်္ကြန်မဏ္ဍပ်များကို ကမ္ဘာအေးဘုရားလမ်း ၊ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း (ကမ္ဘာအေးဘုရား လမ်းနှင့် အင်လျားလမ်းကြား) တို့မှ လွဲပြီး တည်ဆောက်ခွင့်ပြုပေး ထားပါတယ်။ ယခုနှစ်မှာ မဏ္ဍပ်ဆောက်လုပ် ခွင့်ရှိသူများ အနေနဲ့ အလျား ပေ ၁၅၀ ၊အကျယ် ပေ၄၀၊ အမြင့်ပေ၂၀ မဏ္ဍပ်ကြီး အမျိုးအစားကို ဆောက်လုပ်နိုင်ဖို့ အာမခံစပေါ်ငွေ ကျပ်သိန်း၂၀၀ တင်ရမှာ ဖြစ်ပါတယ်။ အလျားပေ၅၀မှ၁၁၀ ၊အကျယ်ပေ၃၀ ၊အမြင့်ပေ ၁၈ မဏ္ဍပ်အလတ် အမျိုးအစား ကိုတော့ ကျပ်သိန်း၁၀၀ အာမခံစပေါ်ငွေ တင်ပြီး ဆောက်လုပ် ခွင့်ပြုဖို့ သတ်မှတ်ထားပါတယ်။ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်ပြုထားတဲ့ နေရာများကတော့ ပြည်လမ်း၊ ဝေဇယန္တာလမ်း ၊ကြည်မြင်တိုင် ကမ်းနားလမ်း တို့မှာ ဆောက်လုပ်မည့် ခွင့်ပြုမဏ္ဍပ် အများဆုံးဖြစ်ပါတယ်။ ယခုနှစ်သင်္ကြန်မှာ လူစည်ကားရာ အပန်းဖြေနေရာ များဖြစ်တဲ့ မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးမြေပဒေသာကျွန်း၊ ဦးဥတ္တမပန်းခြံနဲ့ သခင်မြပန်းခြံ တို့မှာ စတုဒီသာများ ကျွေးမွေး မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းလျှောက်သင်္ကြန် ကိုလည်း ကျင်းပပေး သွားမယ်လို့ သိရပါတယ်။ NLD အစိုးရလက်ထက်မှာ သင်္ကြန်မဏ္ဍပ်နဲ့ ပတ်သက်ပြီး စကားပြောစရာ လေးတွေ အဆင်မပြေတာလေးတွေ ရှိခဲ့ပါတယ်။ ရန်ကုန်မှာ မဏ္ဍပ်ဆောက်ခွင့်မပေးဘဲ ထားခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ တကယ်တော့ သင်္ကြန်ပွဲတော်ဆိုတာ အများပြည်သူတွေ ပျော်ပွဲရွှင်ပွဲပြုလုပ်ပြီး တစ်နှစ်ပတ်လုံး အလုပ်အကိုင်တွေကြောင့် ပင်ပန်းခဲ့ရတဲ့ စိတ်တွေကို ရေကစားပြီး အနားယူအပန်းဖြေကြတဲ့ ပွဲတော်ဖြစ်ပါတယ်။ အစိုးရအနေနဲ့ သင်္ကြန်ပွဲတော်ကို ကောင်းကောင်း အသုံးချနိုင်မယ်ဆိုရင် နိုင်ငံအတွက် ပုံရိပ်ကောင်းတွေ ရရှိနိုင်သလို ပြည်ပခရီးသွားဧည့်သည်တွေကို စွဲဆောင်နိုင်ဖို့လည်း အခွင့်အရေးတွေ ရှိနေပါတယ်။ ဒါကြောင့် ဆိုးကျိုးထက် ကောင်းကျိုးဝေဆာနေတဲ့ သင်္ကြန်ပွဲတော်ကို တစ်နှစ်ထက် တစ်နှစ် ပိုမိုစည်ကားလာအောင် ကြံဆောင်နိုင်ပါစေလို့ အကြံပြုလိုက်ပါတယ်။

အခုတစ်ခါတော့ အကယ်ဒမီပေးပွဲနဲ့ အွန်လိုင်းမီဒီယာတွေအကြောင်းကို တင်ပြပါမယ်။ ယခုနှစ် အကယ်ဒမီပေးပွဲမှာ အွန်လိုင်းမီဒီယာတွေအနေနဲ့ ၀င်ကြေး ၅သိန်းပေးရမယ်လို့ သိရပါတယ်။ ၂၀၁၇ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲအခမ်းအနားကို မတ်လ၂၃ရက်နေ့မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းက MEP မှာ ကျင်းပမှာဖြစ်ပြီး အွန်လိုင်းမီဒီယာများ သတင်းရယူဖို့အတွက်ဝင်ကြေး ကျပ်၅သိန်း ပေးရမှာဖြစ်တယ် လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဆုံးဖြတ်လိုက်ပါတယ်။ အကယ်ဒမီပွဲမှာ အွန်လိုင်းသတင်းဌာနများ အနေနဲ့ ၀င်ကြေး ကျပ် ငါးသိန်း ပေးမှသာ သတင်းရယူ ရိုက်ကူးခွင့်ရှိမည်ဖြစ်ပြီး Live ရိုက်ကူး ထုတ်လွှင့်မှုကိုတော့ ခွင့်မပြုထားပါဘူး။ ဒါ့အပြင် ၀င်ကြေး ၅သိန်းကျပ် ပေးဆောင် ရခြင်းဟာ သတင်းစာ ၊ ဂျာနယ် နှင့် မဂ္ဂဇင်းေ တွအတွက်အကျုံးမ၀င်ဘူးလို့ သိရပါတယ်။အွန်လိုင်းမီဒီယာတွေအပေါ် အခုလို ၀င်ကြေးသတ်မှတ်တာ ဟာ ယခုနှစ်မှ စတင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ယခင်နှစ်တွေက ကျပ်သုံးသိန်းဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်။ ယခုနှစ်မှာတော့ ကျပ် ၅သိန်းဆိုပြီး ၀င်ကြေးတိုးမြင့်လာတာ ဖြစ်ပါတယ်။အကယ်ဒမီပေးပွဲမှာ အွန်လိုင်းမီဒီယာ တွေဆီကနေ အခုလို ငွေကြေးတောင်းခံတာဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ငွေကြေးကောက်ခံတဲ့ ကိစ္စကို စကတည်းက ဘာကြောင့်များ အွန်လိုင်းမီဒီယာသမားတွေက လက်ခံလိုက်ကြသလဲ ဆိုတာ မစဉ်းစားနိုင်အောင်ပါပဲ။ဒါအပြင် မီဒီယာခွဲခြားမှုတွေနဲ့ အွန်လိုင်း သမားတော့ ငွေ၅သိန်းပေးရပြီး တခြား မီဒီယာတွေကတော့ ငွေမကုန် ဘဲ သတင်းယူခွင့် ရတာဟာ ခွဲခြားမှုတစ်ခုပါပဲ။ အွန်လိုင်းမီဒီယာ တွေဆီကနေ ရရှိလာတဲ့ ၀င်ကြေးငွေတွေကို ရုပ်ရှင်အစည်းအရုံးအတွက် ရန်ပုံငွေ အဖြစ်ရရှိဖို့ လုပ်တာ ဆိုရင်လည်း မဖြစ်သင့်ဘူးလို့သာ မြင်ပါတယ်။ အစည်းအရုံးအနေနဲ့ ရန်ပုံငွေ အခက်အ ခဲဖြစ်နေတယ်ဆိုရင်လည်း ရုပ်ရှင်အဖွဲ့သားတွေထဲမှာ သိန်းကုဋေခြောက်သောင်း ချမ်းသာတဲ့ အနုပညာရှင်တွေ သရုပ်ဆောင်တွေ ရရှိကြပါတယ်။ သူတို့ဆီကနေ အလှူငွေတွေ ပုံမှန်ကောက်ခံပြီး အစည်းအရုံးရန်ပုံငွေအတွက် ဆောင်ရွက် လို့ရတဲ့ အနေအထားတွေ ရှိနေပါတယ်။ အခုလို မီဒီယာတွေ ဆီကနေ ငွေကြေးကောက်ခံတာဟာ သမိုင်းမှာ အရိပ်ဆိုးအဖြစ် ထင်ကျန်နေမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ မီဒီယာ ခွဲခြားမှုတွေ မီဒီယာအပေါ် ခုတုံးလုပ်တဲ့ ကိစ္စတွေ ဆင်ခြင်ကြပါလို့ အကြံပြုလိုက်ပါရစေ။

ဒီတစ်ခါတော့ နိုင်ငံရေးသတင်းတစ်ပုဒ်ကို တင်ပြချင်ပါတယ်။ တပ်မတော် ဟာ ဒီမိုကရေစီကျင့်စဉ်တွေအတိုင်း ဆက်လက်လျှောက်လှမ်းမယ်ဆိုရင် ပြည်သူချစ်သော တပ်မတော် ဖြစ်လာမယ်လို့ NDF ပါတီက ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုပါတယ်။လက်ရှိမှာ တပ်မတော်အနေနဲ့ အစိုးရလက်အောက်မှာ ဒီမိုကရေစီအတိုင်း ရှိနေပြီး ငြိမ်းချမ်းရေးဖြစ်စဉ် များမှာလည်း အားတက်သရော ပါဝင်မှုတို့ တွေ့မြင်နေရတယ်လို့ ၄င်းက ဆိုပါတယ်။ဒါ့အပြင် တပ်မတော်ဟာ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ငြိမ်းချမ်းရေးသဘော တူစာချုပ်တွေ အတိုင်း လျှောက်လှမ်းဆောင်ရွက် နေပြီး တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ရပ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကို ဆောင်ရွက်နေတယ်လို့ ဦးခင်မောင်ဆွေက သုံးသပ်လိုက် ပါတယ်။တပ်မတော်ဟာ တစ်ချိန်က အာဏာရှင်တို့ရဲ့ အသုံးချခံအဖြစ် ရပ်တည်ရှင်သန်ခဲ့ရပြီး ယနေ့မှာတော့ ပြည်သူ့အကျိုးအတွက် တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေ ပါ တယ်။နိုင်ငံတော်အတွက် ကာကွယ်ရေးအလုပ်တစ်ခုသာ မကဘဲ သဘာဝဘေး ငလျင်ဘေး ရေကြီး မီးလောင်ကိစ္စရပ်တွေ ကအစ တပ်မတော်က ကူညီဆောင်ရွက်ပေးနေတာဟာ ပြည်သူနဲ့ တစ်သားတည်း ရှိနေတယ်ဆိုတဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ကို ပြည်သူတွေက အရင်လို မမုန်းကြတော့ပါဘူး။ ပြည်သူတွေရဲ့ စိတ်မှာ ဘယ်အဖွဲ့အစည်းက ကိုယ့်အတွက် လုံခြုံမှုကို ပေးစွမ်းနိုင်သလဲဆိုတာကို ကောင်းကောင်း သဘောပေါက်နားလည်လာကြပြီ ဖြစ်ပါတယ်။ ပြည်သူပိုမိုချစ်မြတ်နိုးသော တပ်မတော်တစ်ရပ် ပိုပြီးဖြစ်လာအောင် တပ်မတော်အကြီးအကဲတွေအနေနဲ့ ဆောင်ရွက်နိုင်ပါစေလို့ တိုက်တွန်းလိုက်ပါတယ်။

အခုတစ်ခါတော့ ရာသီစာ သတင်းလေးတစ်ပုဒ်ကို တင်ပြပါမယ်။ သင်္ကြန်နားနီးလာပါပြီ။ သင်္ကြန်ပိတ်ရက်ရှည်တွေမှာ ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံက နေရာအနှံ့အပြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မိဘပြည်သူ တွေဟာ ဇာတိမွေးရပ်မြေတွေကို ခရီးနှင်လေ့ရှိပါ တယ်။ဒီလိုအခါ သမယမှာ အဝေးပြေးယာဉ်လိုင်းတွေဟာလည်း လက်မှတ်တိုးမရအောင် ရောင်းကောင်းလေ့ရှိကြပါတယ်။ သင်္ကြန်ရက်နီးလာတိုင်း အဝေးပြေး ယာဉ်လိုင်းအုပ်ချုပ်ရေးအဖွဲ့တွေဆီကနေ ကြားရလေ့ရှိတဲ့ သတင်းစကား ရှိပါတယ်။ ဒါကတော့ သင်္ကြန်ရက်မှာ ယာဉ်စီးခတွေ ဈေးမတက်ရပါဘူး။ ဈေးတက်ရောင်းရင် အရေးယူဆောင်ရွက်မယ် စသဖြင့် ပြောဆိုကြေညာ မှုတွေ နှစ်တိုင်းကြားရပါတယ်။ တကယ့်လက်တွေ့မှာတော့ အဝေးပြေးကား လက်မှတ်တွေဟာ သင်္ကြန်မတိုင်ခင် တစ်ပတ်အလိုကတည်းက ဂိတ်တွေ မှာ ကုန်နေပြီ ဖြစ်ပါတယ်။ ခရီးသည်တွေအနေနဲ့ လက်မှတ်လိုချင်ရင်တော့ သတ်မှတ်ဈေးနှုန်းထက်ပိုပေးပြီး ၀ယ်ယူကြရလေ့ရှိပါတယ်။ ယာဉ်လိုင်း အဖွဲ့အစည်းတွေရဲ့ ကြေညာချက်နဲ့ လက်တွေအနေအထားဟာ တက်တက် စင်အောင်လွဲနေခဲ့ပါတယ်။ အစိုးရအဆက်ဆက် ပြောင်းလာခဲ့ပေမယ့် ဒီကိစ္စကတော့ မပြောင်းသေးပါဘူး။ ဘယ်တော့မှ ပြောင်းလဲမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ သို့သော်လည်း သင်္ကြန်နားနီးလာလေလေ အဝေးပြေးယာဉ်စီးခတွေ ဈေးမတက်ဘူးပါဘူးဆိုတဲ့ သတင်းတွေက ဂျာနယ်နဲ့ သတင်းစာတွေမှာ ပါလာလေလေပဲ ဖြစ်ပါတယ်။ ခရီးသည်တွေ အနေနဲ့လည်း လိုရာခရီးရောက်ဖို့အတွက် ငွေပုံပေးပြီး လက်မှတ်တွေ ၀ယ်ယူနေကြရဆဲ ဖြစ်ပါတယ်။ဆိုလိုရင်းကတော့ မလုပ်နိုင်ရင် မပြောကြပါနဲ့လို့သာ ဆိုချင်ပါတယ်။ မီဒီယာကနေ လက်မှတ်တွေ ဈေးမတက်ဘူး။ ဈေးတင်ရောင်းရင် တိုင်ပါ ဆိုတာမျိုးထက် ဘယ်ဂိတ်က လက်မှတ်ခကို ဘယ်ခရီးစဉ်မှာ ဘယ်လို ဈေးတင်ရောင်းထားတယ်။ အဲ့လိုဂိတ်တွေကို အဝေးပြေးက တာဝန်ရှိသူတွေအနေနဲ့ ကိုယ်တိုင် ကွင်းဆင်းပြီး စောင့်ကြည့်ကြပ်မတ်သင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။

အခုနောက်ဆုံး တင်ပြမယ့်သတင်းကတော့ ငြိမ်းစုစီဥပဒေကြမ်းဆွေးနွေးဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ စံချိန်တင် ပါဝင်ဆွေးနွေး ကြမယ့်သတင်းကို တင်ပြပါမယ် ။ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးတော့မယ့် ငြိမ်းစုစီ ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တပ်မတော်သား ကိုယ်စားလှယ်အယောက် ၆၀ ဦးအထိ ပါဝင်ဆွေးနွေးမယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမယ့် ငြိမ်းစုစီ ဥပဒေကြမ်းအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ၆၀ဦး အရပ်သားကိုယ်စားလှယ်က ၂၀ ဦးစုစုပေါင်း ၈၀ဦး ဆွေးနွေးကြ မှာပါ။ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်တွေက ပထမအကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ ခြေ/ဥ ပြင်ဆင်ရေးအတွက် ဆွေးနွေးခြင်း ၊ PR ဆွေးနွေးခြင်းတွေမှာ အများဆုံး ပါဝင်ခဲ့မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ယခု ငြိမ်းစုစီ ဥပဒေဆွေးနွေးဖို့ အမည်စာရင်း ပေးထားတာလောက် တစ်ခါမှ မများခဲ့ပါဘူး။ ငြိမ်းစုစီဥပဒေမှာ ဘယ်လို လိုအပ်ချက်တွေ ရှိနေလို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ၀င်ဆွေးနွေးသလဲ ဆိုတာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပချိန်မှာ ကြားရတော့မှာပဲ ဖြစ်ပါတယ်။ ငြိမ်းစုစီ ဥပဒေကြမ်း ပြင်ဆင်တာဟာ ယခု NLD အစိုးရလက်ထက်မှာ ဒါ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ယင်းဥပဒေ ပြင်ဆင်မှုအတွက် ပြည်သူလူထု တွေရဲ့ ဖွဲ့စည်းပုံပါ ပေးထားတဲ့ ရပိုင်ခွင့်တွေကို ချိုးဖောက်ခံထားရတဲ့ ပုဒ်မတွေ ပါနေတယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ထောက်ပြဝေဖန်ကြ ပါတယ်။ အထူးသဖြင့် ငြိမ်းစုစီဥပဒေကြမ်းမှာ ပါတဲ့ အချက်တချို့ဟာ ဆန္ဒပြသူတွေအတွက် သတင်းအချက်အလက်လုံခြုံမှုတွေ ချိုးဖောက်မယ့် ပုဒ်မတွေ ပါဝင်နေတဲ့အတွက် အဆိုပါ ဥပဒေကြမ်းကို လုံးဝ ဖျက်သိမ်းဖို့ တောင်းဆိုခံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဒပြ ကန့်ကွက်မှုတွေ ကြားကပင် အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ယခု ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီး အတည်ပြုခဲ့နိုင်ရင်တော့ ငြိမ်းစုစီ ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ မကြာခင်မှာ အတည်ပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမယ့် အဆိုပါ ဥပဒေကြမ်းကို နိုင်ငံသားတွေရဲ့ မူလအခွင့်အရေး မထိခိုက်ရဘဲ အတည်မပြုနိုင်အောင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဘယ်လောက်အထိ ဟန့်တားဆွေးနွေးနိုင်မလဲ ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ သတင်းကောက်နုတ်ချက်တွေကို ပဉ္စမလှိုင်း မီဒီယာ ၊ New watch ၊ Akonthi ၊ The Voice တို့မှ သတင်းများကို ပြန်လည်ကောက်နုတ်သုံးသပ်ထားခြင်း ဖြစ်ပါတယ်။

FWN

Leave a Reply