၂၀၃၀ တွင် ကျေးလက်လမ်းများအားလုံး ကတ္တရာလမ်းများဖြစ်ရန် ​ဆောင်​ရွက်​​နေဟု ​ဆောက်​လုပ်​​ရေးဒုဝန်​ကြီး​ပြော

0
134

နေပြည်တော်၊ မတ် ၁၉၊၊ ၂၀၁၈။

မြန်မာနိုင်ငံရှိ ကျေးလက်လမ်းများသည် ၂၀၃၀ ခုနှစ်တွင် ရာသီမရွေး သွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ်သို့ ​ရောက်ရှိမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောသည်။

တနိုင်​ငံလုံးရှိ ​ကျေးလက်​လမ်းအားလုံးကို ကတ္တရာလမ်းအဖြစ်​ ​ဆောင်​ရွက်​နိုင်​ရန်​ နှစ်​အလိုက်​စီမံချက်​များချကာ ​ဆောင်​ရွက်​​နေချက်​ကို ​ဆောင်​လုပ်​​ရေးဝန်​ကြီးဌာနဒုဝန်​ကြီးဦး​ကျော်​လင်းက The Fifth Wave သတင်းဌာန၏ ​သီသန့်​​တွေ့ဆုံ​မေးမြန်းမှုအား ​ဖြေကြားခဲ့ခြင်း ဖြစ်​သည်​။

“၂၀၃၀ ကျလို့ရှိရင်တော့ မြန်မာတစ်နိုင်ငံလုံးက ကျေးလက်လမ်း မိုင်ပေါင်း ၆ သောင်း လောက်ကို ၉၀ ရာခိုင်နှုန်း လောက်ဟာ ရာသီမရွေးသွားလာနိုင် တဲ့လမ်းတွေရောက်ရှိရေးအတွက် နှစ်ကတော့ ၁၃ နှစ်အတွင်းမှာ တဆင့်ချင်းအဆင့်မြင့်တင်သွားမှာပါ ။ ဒီ ၅နှစ်ပြီးရင် နောက် ၅ နှစ်အစရှိတဲ့ စီမံကိန်းကို ၂၀၃၀ အထိ Target ထားမှာပေါ့။၂၀၃၀ ကျလို့ရှိရင် တစ်နိုင်ငံလုံးမှာ ရာသီမရွေးသွားလာနိုင်အောင် စီစဉ်ထားပါတယ်။ ကျွန်တော်တို့ဆီက စိုက်ပျိုးရေး၊မွေးမြူရေးဦးစီးဌာနက လွှဲယူလိုက် တဲ့အချိန်ကစပြီး ကျွန်တော်တို့က တစ်နိုင်ငံလုံးက ၀န်ကြီးချုပ်တွေ ဆွေးနွေးပြီးတော့ အဆင့်မြင့်ဖို့အတွက်ကို ဦးစားပေးအနေနဲ့ လုပ်နေတာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ၀န်ကြီးချုပ်တွေ လွှတ်တော် ကိုယ်စားလှယ် တွေပေါ်မှာပဲ မူတည်နေပါတယ်။ သူတို့ရဲ့ဦးစားပေးပေါ်မူတည်ပြီး ရံပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်ပေးသွားမှာပါ” ဟု ဦးကျော်လင်းက ပြောသည်။

ကျေးလက်လမ်းပေါင်းသည် မိုင်ပေါင်း ၆ သောင်းကျော်ရှိသည့်အတွက် တပြိုင်နက်ထဲအကုန်လုပ်သွားဖို့က အခက်အခဲရှိသည့် အတွက် ပြည်နယ် နှင့် တိုင်းဝန်ကြီးချုပ် ၁၄ ဦး၊ ပြည်နယ်နှင့်တိုင်းမှာရှိသည့် လွှတ်တော် ကိုယ်စားလှယ်များအားလုံးနှင့် ​ဆွေးနွေးတိုင်ပင်ကာ လမ်းအဆင့် သတ်မှတ်ချက် A လမ်းအဆင့်သတ်မှတ်ချက် B လမ်းအဆင့် သတ်မှတ် ချက်Cစသည့်အုပ်စုသုံးမျိုးဖွဲ့ သတ်မှတ်ထားကြောင်းလည်းသိရှိသည်။
လမ်းအဆင့် A တွင် ကတ္တရာလမ်းအဆင့်မြင့်တင်သည့် လမ်းအဖြစ်၎င်း ၊ လမ်းအဆင့် B သည် ရာသီမရွေးသွားလာနိုင်သည့် ကျာက်ချောလမ်းအဆင့် ရောက်အောင်လုပ်သည့်လမ်းအဖြစ်၎င်း၊ လမ်းအဆင့် C သည် လတ်တလောတွင်မြေသားလမ်းအဆင့်ပဲလုပ်ထားနိုင်သည့်လမ်းအဖြစ်၎င်း သတ်မှတ်ဆောင်ရွက်ထားကြောင်းလည်း သိရှိရသည်။

အုပ်စုများသတ်မှတ်ခွဲထားမှုအပေါ် “ ဒီလိုမျိုးအုပ်စုခွဲခြားပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းဒေသကြီးပြည်နယ် ၀န်ကြီးချုပ်တွေ အားလုံးရယ် သူတို့ ကတ်ဘိနက်တွေကို တင်ပြပြီးတော့ အတည်ပြု ထားပြီးဒါတွေအားလုံးကို အတည်မပြုခင်မှာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ပြည်ထောင်စုလွှတ်တော်ကရော အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော်အားလုံး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို ခေါ်ယူပြီးတော့ သက်ဆိုင်ရာ အစိုးရအဖွဲတွေမှာ အကြိတ်အနယ်ဆွေးနွေးပြီးတော့ A ၊B ၊C ခွဲထားပြီးပြီ ဒီအတိုင်းအဆင့်သတ်မှတ်ပြီးဆောင်ရွက်သွားမှာပါ” ဟုဦးကျော်လင်းက ဆက်လက်ပြောကြားခဲ့သည်။

ကျေးလက်လမ်းများဖွံ့ဖြိုးတိုးတက်ခြင်းသည် အင်မတန်မှ အရေးကြီး ကြောင်း၊ ကျေးလက်ကထွက် ကုန်တွေသည် အချိန်တိုအတွင်း ကုန်ကျ စရိတ်အနဲဆုံးနဲ့ဈေးကွက်ကို ရောက်ရှိနိုင်ရေးသည်လည်း အရေးကြီး ဆုံးဖြစ်ကြောင်း သို့မှသာ ထွက်ကုန်များသည် စိုက်ပျိုးရေးထွက်ကုန် မွေးမြူရေးထွက်ကုန်များသည် နိုင်ငံတကာတွင် ဈေးကွက်ဝင်ရောက်နိုင်ကာ ကျေးလက်နေပြည်သူများ အကျိုးအမြတ်များရရှနိုင်မည်ဖြစ်ကြောင်း ဦးကျော်လင်း ကပြောသည်။

ကျေးလက် လမ်းပေါင်းသည် မိုင်ပေါင်း ၆ သောင်းကျော်ရှိရာ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ပြီး ၎င်း တို့၏ နေထိုင်မှုဘ၀ဖွံ့ဖြိုးတိုးတက်စေရန် အဓိကထားဆောင်ရွက် လျှက်ရှိကြောင်း လည်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply