အွန်လိုင်းတွင်မေးခွန်းလွှာများပေါက်ကြားခဲ့မှုကြောင့် အဖြေလွှာများအပေါ် တစ်စုံတစ်ရာသက်ရောက်မည်မဟုတ်

0
153

ပဲခူး၊ မတ် ၁၉၊ ၂ဝ၁၈။

ပဲခူးတိုင်းဒေသကြီးရှိ စာစစ်ဌာနအသီးသီး၌ စာမေးပွဲစစ်ဆေးနေစဉ်အတွင်း မေးခွန်းလွှာများ အွန်လိုင်လူမှုကွန်ရက် စာမျက်နှာထက်တွင် ပေါက်ကြား ခဲ့သော်လည်း ယင်းနေ့ဖြေဆိုခဲ့သည့်ဘာသာရပ်အဖြေလွှာများအပေါ် တစ်စုံတစ်ရာသက် ရောက်မှုရှိမည်မဟုတ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးဦးကျော်ဆင့်က ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးမှုများကို မတ်လ ၇ ရက်က စတင် စစ်ဆေးခဲ့ရာတွင် တတိယနေ့နှင့် စတုတ္ထတို့တွင်ဖြေ ဆိုသည့် သင်္ချာ မေးခွန်းနှင့် ဓါတုဗေဒဘာသာရပ်မေးခွန်းတို့အား Sayar Bone အကောင့်ပိုင်ရှင်က စာမေးပွဲကျင်းပနေချိန် နံနက် ၁ဝ နာရီခွဲခန့်တွင် အွန်လိုင်းအသုံးပြုကာ ဖေ့စ်ဘုတ်ခ် လူမှုကွန်ရက် စာမျက်နှာသို့ တင်ခဲ့သည့် အတွက် မေးခွန်း ပေါက်ကြားမှုဖြစ်ပွားခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

“စာဖြေချိန်မှာ မေးခွန်းပေါက်ကြားသလိုဖြစ်ခဲ့ပေမယ့် ဖြေဆိုတဲ့ ကလေး တွေနဲ့တော့သက်ဆိုင်ခြင်းမရှိပါဘူး။ သူတို့ရဲ့ အဖြေလွှာတွေနဲ့ ပတ်သက် လို့လည်း တစ်စုံတစ်ရာသက်ရောက်မှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ မေးခွန်းကပေါက် ကြားပေမယ့် ကလေးတွေကစာဖြေနေချိန်ဖြစ်တဲ့အတွက် အွန်လိုင်းပေါ်မှာ ပြန့်နေတယ်ဆိုတာကို စာဖြေတဲ့ကလေးတွေ ဘယ်လိုမှ သိနိုင်မှာမဟုတ်လို့ပါ” ဟု တိုင်းပညာရေးမှူးရုံးမှ ပဲခူးတိုင်းတာဝန်ခံ ညွှန်ကြားရေးမှူးဦးကျော်ဆင့်က ပြောသည်။

ယခုလ ၁၂ ရက်နေ့က တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ)ဒေါ်မေသက်နွယ်သည် ၎င်း၏ရုံး၌တာဝန် ထမ်းဆောင်နေစဉ် အဆိုပါရုံးရှိ ဒုဦးစီးမှူးသီဟထွန်းဆိုသူက Sayar Bone အကောင့် ပိုင်ရှင်က သင်္ချာနှင့် ဓါတုဗေဒ ဘာသာရပ်မေးခွန်းတို့ကို အွန်လိုင်းပေါ်သို့ တင်ထားသည့်ကိုတွေ့ရှိရသည်တွင် ဒုညွှန်မှူးအားတင်ပြခဲ့ရာ ယင်း အကောင့် ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် အမှတ်(၂)နယ်မြေရဲစခန်း၌ တိုင်းပညာရေးမှ တရားလိုပြုလုပ်တိုင်ကြားခဲ့သည်။

“မေးခွန်းလွှာတွေအွန်လိုင်းတင်ခဲ့တဲ့ အကောင်းပိုင်ရှင်ကို စုံစမ်းစစ်ဆေး နေပါတယ်။ တွေ့ရှိချက်အပေါ်မူတည်ပြီး အရေး ယူဆောင်ရွက်သွားဖို့ရှိ ပါတယ်။ အဓိက ပညာရေးဌာနကတိုင်ကြားတာကတော့ ဒီလုပ်ရပ်ဟာ ပညာရေးဌာန ရဲ့ဂုဏ် သိက္ခာကို ထိပါးရာရောက်တယ်၊ အဲဒီအတွက် လိုအပ်သလိုအရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားလာတာပါ” ဟု အမှတ် (၂)နယ်မြေရဲစခန်းမှ အမှုစစ်ရဲအရာရှိ ဒုရဲအုပ်ကျော်သီဟက ပြောသည်။

အထက်ပါဖြစ်စဉ်မှ Sayar Bone အကောင့်ပိုင်ရှင်အား အမှတ်(၂) နယ်ဖြေရဲစခန်းမှ (ပ)၂၂၃/၂ဝ၁၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)တို့ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း အဆိုပါစခန်းထံမှ သိရသည်။

ပညာရေးဌာန၏စည်းကမ်းချက်များအရ စာမေးပွဲဖြေဆိုနေစဉ်အတွင်း စာဖြေကျောင်းသား ကျောင်းသူများသော် လည်းကောင်း၊ ပညာရေး ဝန်ထမ်းများသော်လည်းကောင်း အခြားသော အရပ်သား တစ်ဦးဦးမှသော် လည်းကောင်း စာဖြေဆို ချိန်ဖြစ်သည့် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီမထိုးမီအချိန်များအတွင်း မေးခွန်း သို့မဟုတ် အဖြေလွှာတစ်ခုခုအား ဖြန့်ဝေခြင်းမပြုရဟု ကန့်သတ်ထားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပလျှက် ရှိရာတွင် စာစစ်ဌာန ၁၄၂ ခု၌ စာမေး ပွဲဖြေဆိုရန်စာရင်းပေးသွင်းထားသူ ၇၄၃၁၄ ဦးရှိသည့်အနက် ၆၉၃၉၃ ဦးဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

မိုး​မြေ

Leave a Reply