ငြိမ်း၊ စု၊ စီ ပြင်ဆင်ချက်ဥပေဒကြမ်းအပေါ် ဒေါ်အောင်ဆန်းစုကြည် သဘောထားပြောင်းလဲရန် မျှော်လင့်နေ

0
130

ရန်ကုန်။ မတ် ၁၉။ ၂၀၁၈

အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် ကျန်ရှိနေသေးသော ငြိမ်းချမ်းစွာ စုစည်းခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဥပဒေ အပေါ်ပြင်ဆင်သည့် ဥပဒေကြမ်းအား နိုင်ငံတော် အတိုင်ပင်ခံ ပုဂိုလ်သဘောထား ပြောင်းလဲရန်အတွက် မျှော်လင့်နေကြောင်း ယင်းဥပဒေပြင်ဆင်ချက် ဖျက်သိမ်းရေး ကော်မတီမှ သိရသည်။

ငြိမ်းစုစီ ဥပဒေပြင်ဆင်ချက်ကို ဖျက်သိမ်းရေးနှင့်ပတ်သက်ပြီး ထပ်မံလှုပ်ရှားမည့် အစီအစဉ်များကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ We Generation အဖွဲ့ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ပြင်ဆင်ချက် ဥပဒေကြမ်းအပေါ် အထက်ပါအတိုင်း မျှော်လင့်နေခြင်းဖြစ်သည်။

“ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်သား ၅၀ ဆွေးနွေးတာကို မသိသေးဘူးလား။ သိသွားပြီဆိုရင် တပ်မတော်သား ၅၀ က ဒါကိုဆွေးနွေး တယ်ဆိုလို့ ရှိရင် ဒီဥပဒေရဲ့ အကျိုးအပြစ်တွေကို သူသေသေချာချာ လေ့လာနိုင်မယ့် အခြေအနေရှိတယ်။ အန်တီသာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာသာဆိုလို့ရှိရင် သေချာပြန်လေ့လာမှာပဲ။ အဲဒီလိုလေ့လာ တဲ့အခါမှာ သဘောထားပြောင်းမယ်ဆိုရင်တော့ ပြည်သူလွှတ်တော်မှာ ဒီဥပဒေကြမ်းဟာ ပျက်သွားလိမ့်မယ်။ “ ဟု လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဒေါ်ညိုညိုသင်း က သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။

ငြိမ်း၊ စု၊ စီ ဥပေဒပြင်ဆင်ချက်ဥပဒေကြမ်း ဖျက်သိမ်းရေး ကော်မတီ တစ်ခုကို အရပ်ဘက်အဖွဲ့အစည်းများက ပူးပေါင်းဖွဲ့ထားပြီး ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး လှုပ်ရှားမှုများကိုလည်း ပြုလုပ်ခဲ့သည်။ မတ်လ ၅ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် အလုပ်သမား၊ လယ်သမားနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ စသည့် အဖွဲ့ ပေါင်းစုံက ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။

အဆိုပါဥပဒေကြမ်းကို ဖျက်သိမ်းရေးအတွက် အရပ်ဘက်အဖွဲ့အစည်း များက ဆန္ဒပြခဲ့သော်လည်း ယင်းဥပဒေကြမ်းကို အမျိုးသာလွှတ်တော်က အတည်ပြုခဲ့ကြသည်။

ဝေဖန်မှုမြင့်တက်နေသည့် ငြိမ်းစုစီဥပဒေကြမ်းကိုအမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ကန့်ကွက်ဆန္ဒပြခဲ့သော အရပ်ဘက်အဖွဲ့အစည်းများ က အစည်းအဝေးများခေါ်ကာ ထပ်မံပြုလုပ်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးများပြုလုပ်ပြီးနောက် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ယနေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

“ အခု ဥပဒေကြမ်းဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိခိုက်နိုင်တယ်လို့ အတိုင်ပင်ခံက ယူဆကောင်း ယူဆနိုင်တယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားတွေ အများကြီး ဆွေးနွေးတာကို သူမသိသေးဘူးလားလို့ အန်တီတို့ခန့်မှန်းတယ်။ တကယ်လို့များ သူသိသွားမယ်ဆိုလို့ရှိရင် ဒီဥပဒေကြမ်းကြီးဟာ အားလုံးသိတဲ့အတိုင်း ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ချက်နဲ့ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ ဦးဥာဏ်ဝင်းလည်း ပြောထားတယ်။ ဒီဥပဒေကြမ်းဟာ မလိုအပ်ဘူးလို့ပြောထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူ့လွှတ်တော်မှာ အမျိုးသားလွှတ်တော်က မှားခဲ့တဲ့အမှားကို ပြန်ပြီးတော့ အဖတ်ဆယ်နိုင်မယ်လို့ အန်တီတို့မျှော် လင့်နေတယ်ပေါ့။ “ ဟု သတင်းစာရှင်းလင်းပွဲအပြီး ဒေါ်ညိုညိုသင်း က မီဒီယာများကို ပြောကြားသည်။

ငြိမ်းစုစီဥပဒေကြမ်းနှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များကို NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် UNA ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ၂၇၄ ယောက်အား သဘောထားမှတ်ချက်များ ပေးပို့ ထားကြောင်း လည်း သိရသည်။

မတ်လ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲများကဲ့သို့ ပြုလုပ်မည်မဟုတ်ဘဲ ငြိမ်းစုစီဥပဒေကို ပြည်သူအများသိ ရှိလာစေရန်နှင့် အာရုံစိုက်မှုများလာ အောင်သာ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဦးဆောင်ကော်မတီတွင် ပါဝင်သည့် ကိုနန္ဒစစ်အောင်က ပြောသည်။

“ လှုပ်ရှားမှုတွေကတော့ ဆက်လုပ်နေမှာပါ။ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အတွက် အာဏာရှင်က ပြောင်းလာတဲ့ ပါတီတွေနဲ့တော့ ပူးပေါင်းသွားမှာ မဟုတ်ပါဘူး။ စတေကာ ကမ်ပိန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ။” ကိုနန္ဒာစစ်အောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဝေဖန်မှုများမြင့်တက်နေသည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပေဒကြမ်းအား အမျိုးသားလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေး ခဲ့သော်လည်း မဲခွဲဆုံးဖြတ်ချက်အရ အတည်ပြုခဲ့သည်။

ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ က ပေးထားသည်များနှင့် ဆန့်ကျင်နေ သည့်သ၏အတွက် အဆိုပါပြင်ဆင်ချက်ဥပဒေကို ကန့်ကွက်ကြောင်းလည်း သဘောထားကြေညာချက်ထုတ်ပြန်ထားသည်။

ပြင်ဆင်မည်ဆိုသည့် ပုဒ်မများတွင် ပြည်သူများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး သို့မဟုတ် အများပြည်သူ ကိုယ်ကျင့်တရား တို့နှင့်မဆန့်ကျင်မှသာ ဆန္ဒထုတ်ဖော်ခွင့် ကိုကျင့်သုံးနိုင် ကြောင်း၊ ဆန္ဒထုတ်ဖော်မှုကို စီစဉ်သူများသည် ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် အရင်းအမြစ်များကို အာဏာပိုင်များကို အသေးစိတ် ထည့်သွင်းဖော်ပြပေးရန်၊ သတ်မှတ်ချက်များနှင့် ဆန့်ကျင်သော ဆန္ဒ ထုတ်ဖော်မှုကို ငွေအားဖြင့်ဖြစ်စေ၊ ပစ္စည်းအားဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းများဖြင့် ဖြစ်စေ၊ အားပေးထောက်ခံသည့် မည်သူမဆို ထောင် ၃ နှစ်နှင့် အကန့်အသတ်မရှိသော ငွေဒဏ်ကျခံစေရန်အတွက် ပြင်ဆင် ချက်တွင် ပါရှိသည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – ဝေယံထွန်း (ပဉ္စမလှိုင်း)

Leave a Reply