ရခိုင်အမျိုးသားပါတီ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်သင်တန်း ပြည်နယ် အစိုးရပိတ်ပင်

0
138

ရန်ကုန်၊ မတ် ၂၀၊ ၂၀၁၈

ရခိုင်အမျိုးသားပါတီ (ANP) က ပြုလုပ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် သင်တန်းကို ပြည်နယ်အစိုးရက ခွင့်မပြုသောကြောင့် ရပ်ဆိုင်းလိုက် ရကြောင်း ANP ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး က ပြောသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ် သင်တန်းကို မတ်လ ၂၀ နှင့် ၂၁ ရက် နှစ်ရက်တာပြုလုပ်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ဖက်ဒရယ်အရေးနှင့် ဒီမိုကရေစီအရေးကျွမ်းကျင်သည့် ပညာရှင်နှစ်ဦးကိုလည်း ယင်းသင်တန်းတွင် ဖိတ်ကြားထားကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားသည်။

“ အိန္ဒိယနိုင်ငံက ပညာရှင်နှစ်ယောက်ပါလာတယ်။ သူတို့ရဲ့ နိုင်ငံကူး လက်မှတ်တွေကို မနေ့ကတောင်းလို့ သွားပေးတယ်။ ပေးတော့လည်း မဟုတ်ပြန်ဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုချက်လိုတယ် ထပ်ပြော တယ်။ အဲဒါတော့ မလုပ်နိုင်တော့ဘူးဆိုပြီး ဒီနေ့လုပ်မယ့် ပွဲကို ဖျက်သိမ်း လိုက်တာပါ။” ဟု ဦးခိုင်ပြည်စိုးက ပဉ္စမလှိုင်း မီဒီယာ၏ ဆက်သွယ်မေးမြန်း မှုကို ပြန်လည်ဖြေကြားသည်။

သင်တန်းပို့ချမည့် ပညာရှင်နှစ်ဦးကိုလည်း သက်ဆိုင်ရာရဲများက ခေါ်ယူ မေးမြန်းမှုများလည်းပြုလုပ်ခဲ့ပြီး ယခင်က ထိုကဲ့သို့တားဆီးမှုများ မပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ယနေ့နှင့် မနက်ဖြန် နှစ်ရက်တာပြုလုပ်မည့် အဆိုပါသင်တန်းတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ANP ပါတီဝင်များ၊ အရပ်ဘက် အဖွဲ့ အစည်းများနှင့် ကျောင်းသားများ စသည့် လူဦးရေ ၁၀၀ ခန့်ကိုလည်း ဖိတ်ကြားထားကြောင်းလည်း သိရသည်။

သျှင်ရဲထွဋ်

Leave a Reply