တပ်မတော်ထောက်ခံပွဲ သဲကုန်းမြို့နယ်တွင်ပြုလုပ်

0
186

ရန်ကုန်။ မတ် ၂၀။ ၂၀၁၈

၇၃ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ တပ်မတော် ထောက်ခံပွဲအား ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့တွင် ယနေ့မနက်ပိုင်းက ပြုလုပ်သည်။

မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထောက်ခံကြောင်းနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတည်မြဲရေးအတွက် သဲကုန်းမြို့နယ် ရွှေဘုန်းရှိန်လမ်း ကုန်မြင့်သာကျောင်းအနီး ကွင်းပြင်တွင် ထောက်ခံပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ အခုလုပ်တဲ့ထောက်ခံပွဲက အစိုးရကို ဆန္ဒပြနေတာမဟုတ်ဘူး။ နိုင်ငံတော်ပုန်ကန်နေတာ မဟုတ်သလို သူပုန်အားပေး ထောက်ခံနေ တာလည်း မဟုတ်ဘူး။ ကျုပ်တို့နိုင်ငံရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တပ်မတော်ကို ထောက်ခံတာပါ” ဟု တပ်မတော် ထောက်ခံပွဲတွင် ပါဝင်သည့် ပုတီးကုန်းမြို့မှ ဦးအောင်ဆန်းအောင် က ပြောသည်။

ယနေ့ပြုလုပ်သည့် တပ်မတော်ထောက်ခံပွဲတွင် သံဃာတော်များ၊ တပ်မတော် အငြိမ်းစားများ၊ တပ်မတော်မိသားစုဝင်များ၊ တပ်မတော်ကို ချစ်မြတ်နိုးသူ ရာနှင့်ချီပါဝင်ခဲ့ကြပြီး နိုင်ငံတော်အလံ၊ တပ်မတော်အလံနှင့် သာသနာ့အလံများကို ကိုင်ဆောင်ခဲ့ကြသည်။

တပ်မတော်ထောက်ခံပွဲတွင် ဟောပြောပွဲလည်းပါရှိပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ ကလည်း တက်ရောက် ဟောပြောခဲ့သည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – Win Myint Oo

Leave a Reply