လူ ၈ ဦးသေဆုံးခဲ့သည့် အမြန်လမ်း ကားမီးလောင်မှုမှ ယာဉ်မောင်းကို ထောင် ၁၂ နှစ် ချမှတ်

0
185

ရန်ကုန်။ မတ် ၂၁။ ၂၀၁၈

ရန်ကုန် – မန္တလေးအမြန်လမ်း လေးမိုင်နှစ်ဖာလုံခန့်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က ကားမီလောင်းကျွမ်း မှုတစ်ခုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်တွင်ပါလာသည့် ရှစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်မှ လွတ်မြောက်သူတစ်ဦးကို လှည်းကူးမြို့နယ် တရားရုံးက ယနေ့တွင် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရသူ အောင်ခန့်ဇွဲမြန်မာ (ခ) အောင်ခန့်အားမှာ အဆိုပါကားမီးလောင်မှုမှ တစ်ဦးတည်းသော လွတ်မြောက်ခဲ့သူဖြစ်ပြီး ပုဒ်မ ၃၀၄ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၂၇၉ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၂၈၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၁၂ နှစ် ကျခံစေရန်အတွက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ ကျမယ်လို့တော့မှန်းထားတယ်။ အများဆုံးကျ ၇ နှစ်လောက်ပဲ ကျမယ် ထင်နေတာ။ အခုလောက် ချလိမ့်မယ်လို့ မထင်ဘူး။ ဒီအမိန့်ချမှတ်မှုကို မကျေနပ်ဘူး” ဟု အောင်ခန့်၏ အစ်မဝမ်းကွဲတော်စပ်သူ မဇင်မော်လှိုင် က ပဉ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ကားမီးလောင်မှုဖြစ်စဉ်ဖြစ်ပွားပြီး တစ်နှစ်ကျော်ခန့်အချိန် ရုံးချိန်း ၂၅ ကြိမ်ခန့်စစ်ဆေးပြီးချိန်တွင် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

ကားမီးလောင်မှုဖြစ်ပွားခဲ့ပြီး ကားအတွင်းပါလိုက်ပါလာသူ ၈ ဦး မီးလောင် သေဆုံးခဲ့သည့်ဖြစ်စဉ်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးလောင်သည့် ကားမှာ ဟိုက်အေ့စ်ကား အမျိုးအစားဖြစ်ပြီး ပုဂံဘုရားဖူးမှပြန်လာခဲ့ပြီး နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် ၄ မိုင် ၂ ဖာလုံခန့် တွင် လမ်းလယ် အလူမီနီယံဘောင်ကို တိုက်မိကာ မီးလောင်ခဲ့ဖြစ်သည်။

ကားမီးလောင်မှုကြောင့် သေဆုံးခဲ့သူ ၈ ဦးတွင် ၇ ဦးမှာ အမျိုးသမီး များဖြစ်ကြောင်းသိရသည်။ ထိုကားမီးလောင်မှုဖြစ်ပွားစဉ်က လူမှုကွန်ယက်ပေါ်တွင် ထင်မြင်ချက်အမျိုးမျိုးပေးခဲ့ကြသည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – အင်တာနက်

Leave a Reply