တရားရုံးကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်းအား နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် ဖမ်းဆီး

0
161

မန္တလေး၊ မတ် ၂၂၊ ၂၀၁၈

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် တရားရုံး၊တရားခွင်စစ်ဆေးပြီးချိန်တွင် တရားခွင်ရှေ့မှ ဆိုင်းဘုတ်ကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သည့် ရှေ့နေ ဦးဇော်ဝင်းအား မတ်လ ၂၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် ဖမ်းဆီးခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမှ တရားလိုပြုလုပ်၍ မတ်လ ၂၀ ရက်နေ့တွင် နိုင်ငံတော်အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်သည့်အတွက် ဖမ်းဝရမ်း ထုတ်ပေးခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှ သိရသည်။ယင်းအမှုနှင့်ပတ်သက်၍ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် ရမန်ယူခဲ့သည်။

“ဒီနေ့က ရမန်ယူတာဖြစ်တယ်။ ဒုမြို့နယ် တရားသူကြီး က တရားရုံး ဦးတိုက်လျှောက်တာဖြစ်တယ်။သူက ဖိနပ်နဲ့ ထုချင်တာမဟုတ်ဘူး။ ဗုံးနဲ့ ထုချင်တာလို့ ပြောဆိုမှုတွေရှိတယ်”ဟု ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီး ဒေါ်ခင်မာဦး က ပြောသည်။

ရှေ့နေဦးဇော်ဝင်းအနေဖြင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံး တွင် မတ်လ ၁၅ ရက်နေ့က တရားရုံးမထေမဲ့မြင်မှုကို ပြန်လည်ချေပခွင့် မပေးပဲ ထောင်ဒဏ် လေးလ ချမှတ်လိုက်မှုကြောင့် တရားခွင် စစ်ဆေး ပြီးချိန်တွင် တရားခွင်ရှေ့မှ ဆိုင်းဘုတ်ကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖိနပ်ဖြင့် ပစ်ပေါက်သည့်အတွက် တွဲဘက်တရားသူကြီး ဒေါ်အေးယုမွန်၏ တိုင်ကြားချက်ကြောင့် မတ်လ ၁၆ ရက်နေ့က ဦးဇော်ဝင်းအား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် (ပ)၁၆၀/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၈/၅၀၆ တို့ဖြင့်လည်း အမှုဖွင့် ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply