ရွှေလုပ်ကွက်များအတွက် ထပ်တိုင်မည်ဟု အဆိုတော် တသသ ပြော

0
168

ရန်ကုန်။ မတ် ၂၂။ ၂၀၁၈

ရွှေလုပ်ကွက် များနှင့် ပတ်သက်၍ သိန်းပေါင်းလေးသိန်းခန့် အသိမ်းခံခဲ့ ရသည်များကို သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြား ခဲ့ပြီး မြို့နယ်တရားရုံးက ပယ်ချခဲ့သည့် ပုဒ်မ ၃၈၀ ကိုလည်း ခရိုင်နှင့် တိုင်း အဆင့် တရားရုံးများသို့ ဆက်လက်တိုင် ကြားသွားမည်ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြား ခဲ့သည်။

စဉ်ကူးမြို့နယ်တရားရုံးရှေ့တွင် ရင်ဆိုင်နေရသည့်အမှုနှင့်ပတ်သက်ပြီး live လွှင့်ခဲ့သည့် အတွက် ၆၆ ဃဖြင့် တရားစွဲဆိုခံထားရသော အဆိုတော် တသသ( ခေါ်) မခိုင် က အမှုနှင့်ပတ်သက်သည်များကို ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ယနေ့မနက်ပိုင်းကသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။

“ ကျွန်မကို စွဲထားတဲ့ ၆၆ ဃ အမှုကိုလည်း ရင်ဆိုင်သွားမှာပါ။ ကျွန်မက တိုင်ထားတဲ့အမှုအတွက်လည်း တိုင်း၊ ခရိုင် တရားရုံးတွေကို ဆက်လက် တက်သွားမှာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် မခိုင် ခေါ် အဆိုတော် တသသ က ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်က မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ထက်ရည်လင်း ကုမ္မဏီထံမှ ရွှေတူးဖော်ရေး လုပ်ငန်းများကို လုပ်ကွက်ရယူခဲ့ပြီး ကုမ္မဏီ၏ လုပ်ကွက်အချို့မှာ တရားမဝင် ဧရိယာအတွင်းပါဝင်နေခဲ့ မှုကြောင့် ရပ်နားခဲ့ရပြီး အဆိုတော် တသသသည်လည်း သတ္တုတွင်း ဥပဒေဖြင့် အမှုဖွင့်ခံခဲ့ရသည်။

ယင်းသို့အမှုဖွင့်ခံရမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး နောက်ပိုင်းတွင် အဖမ်းခံခဲ့ကာ အာမခံဖြင့် အမှုကို ရင်ဆိုင်ခဲ့ပြီးနောက်တွင် အမှုမှ ကွင်းလုံး ကျွတ်လွတ်ခဲ့သည်။

ယင်းသို့လွတ်ခဲ့သော်လည်း အမှုဖြစ်စဉ်က ၄င်း၏ သားမက်ဖြစ်သူ၏ အစ်မတော်စပ်သူနှင့် ရဲတပ်ဖွဲ့က သိမ်းဆည်းသွားသည်ဆိုသော ၄င်းပိုင်ဆိုင်သည့် ပစ္စည်းများ ပြန်လည်မရရှိခဲ့ကြောင်းလည်း အဆိုတော် တသသ က ပြောသည်။ ယင်းသို့ သိမ်းဆည်းသွားသည့် တန်ဖိုးမှာ သိန်းပေါင်း လေးသိန်းခန့် ရှိကြောင်းလည်း ၄င်း ပြောပြချက်အရ သိရသည်။

ယင်းသို့သော သိမ်းဆည်းပစ္စည်းများပြန်လည်မရရှိခဲ့သောကြောင့် သားမက်၏ အစ်မတော်စပ်သူ မဝေစန်း အပါအဝင် ၁၃ ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ထားသော်လည်း မြို့နယ် တရားရုံးက ပယ်ချခဲ့ကြောင်း ၄င်းပြောပြချက်အရသိရသည်။

ယင်းသို့သောအမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး စဥ့်ကူးမြို့နယ် တရားရုံး ရှေ့တွင် လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် Live လွှင့်ခဲ့ခြင်းကြောင့် တရားရုံးအပေါ် အများပြည်သူအထင်အမြင်လွဲမှားသည်ဟုဆိုကာ စဥ့်ကူးမြို့နယ် တရားသူကြီးက အဆိုတော် တသသ ကို ၆၆ ဃ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

သျှင်ရဲထွဋ်

Leave a Reply