အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် မက်မာစတာနေရာတွင် စစ်လိုလားသော ဂျွန်ဘော်လ်တန်ကို အစားထိုး ခန့်အပ်

0
145

ဝါရှင်တန် မတ် ၂၃

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်အမျိုးသား လုံခြုံရေး အကြံပေး အိပ်ခ်ျအာမက်မာစတာနေရာတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို စစ်လိုလားသူလည်းဖြစ်သည့် ဂျွန်ဘော်လ်တန်ကို အစားထိုးခန့်အပ် လိုက်ပြီဖြစ်သည်။

မက်မာစတာသည် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ၎င်းနှင့် အမြဲပင်မိတ်ဆွေဖြစ်နေဦးမည်ဖြစ်ကြောင်း ထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။ ဘော်လ်တန်သည် မြောက်ကိုရီးယားနှင့် အီရန်တို့ကို တိုက်ခိုက်ရန်အစီအစဉ်အား ထောက်ခံခဲ့သူဖြစ်သည်။ သမ္မတတွင် ရွေးချယ်စရာများစွာရှိအောင် အားထုတ်ကြိုးပမ်းမည်ဖြစ်ကြောင်း ဘော်လ်တန်က ဖောက်စ်သတင်းဌာနသို့ပြောဆိုခဲ့သည်။

လွန်ခဲ့သောအပတ်တွင် ထရမ့်သည် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာ ဆင်ကို ရာထူးမှဖယ်ရှားကြောင်း တွစ်တာ၌ တွိလုပ်ခဲ့သည်။ တီလာဆန် နေရာတွင် စီအိုင်အေအကြီးအကဲဟောင်း မိုက်ခ်ပွန်ပီယိုကို အစားထိုးခန့်ထားလိုကြောင်း ထရမ့်က အမည်စာရင်းတင်သွင်းခဲ့သည်။ ဘော်လ်တန်ကို ခန့်အပ်ရန်မှာမူ အထက်လွှတ်တော်၏ အတည်ပြုချက်ကို ရယူရန်မလိုအပ်ချေ။ ဘော်လ်တန်သည် ၁၄ လတာကာလအတွင်း ထရမ့်၏ တတိယမြောက် အမျိုးသားလုံခြုံရေး အကြံပေးဖြစ်လာမည်ဖြစ် သည်။ ၎င်းသည် ဧပြီ ၉ ရက်တွင် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

အသက် ၆၉ နှစ်အရွယ် ဘော်လ်တန်သည် ရီပတ်ဘလီကန် ပါတီဝင် များကြားတွင် နိုင်ငံရေးမူဝါဒပိုင်းအရ အင်အားသုံးလိုသူတစ်ဦးအဖြစ် နာမည်ကျော်ကြားခဲ့သည်။ ၎င်းသည် ရိုနယ်ရီဂန်၊ ဂျော့ဂ်ျအိပ်ခ်ျ ဒဗလျူ ဘုရှ်နှင့် ဂျော့ဂ်ျဒဗလျူဘုရှ်တို့လက်ထက်တွင် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။ ဂျော့ဂ်ျဒဗလျူဘုရှ်သည် ၎င်းအား ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။ ဘော်လ်တန်၏ ရန်လိုသူဖြစ်ကြောင်း သံတမန်များက ယင်းအချိန်ကပြောဆိုခဲ့သည်။

အီရတ်အကြီးအကဲ ဆက်ဒမ်ဟူစိန်၏အစိုးရလက်ထဲတွင် အစုလိုက် အပြုံလိုက်သေကျေပျက်စီးနိုင်သည့် လက်နက် များရှိနေပြီဖြစ်ကြောင်း အဆိုတင်သွင်းသူများတွင် ဘော်တန်ထိပ်ဆုံးကပါဝင်ခဲ့သည်။ ဘော်လ်တန်နှင့်စစ်လိုလားသူများ ပြောဆိုမှုသည် မှားယွင်းကြောင်း နောက်ပိုင်းတွင် ပေါ်ထွက်ခဲ့သည်။

ဘော်လ်တန်သည် အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခြင်း မရှိသော်လည်း မြောက်ကိုရီးယားနှင့် အီရန်တို့အား ကျူးကျော်ရန် သတင်းစာများမှတစ်ဆင့် ရေးသားတိုက်တွန်းခဲ့သည်။

ဗိုလ်ချုပ် မက်မာစတာကလည်း သမ္မတ ထရမ့်ကိုကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး ယခုနှစ်အကုန်ပိုင်းတွင်လည်း အမေရိကန်စစ်တပ်မှ အငြိမ်းစားယူမည်ဖြစ်ကြောင်း ခပ်တိုတိုထုတ်ပြန်ပြောဆိုခဲ့သည်။ အသက် ၅၅ နှစ်အရွယ် ကြယ်သုံးပွင့်အဆင့်ရှိ ဗိုလ်ချုပ်သည် အမျိုးသား လုံခြုံရေး အကြံပေးအဖြစ် တစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ပြီးမှ ဖယ်ရှား ခံခဲ့ရခြင်းဖြစ်သည်။

သမ္မတသက်တမ်းပြန်လည်ရွေးကောက်ခံခဲ့ရသည့် ရုရှားသမ္မတပူတင်ကို ချီးကျူးခြင်းမပြုရန် မက်မာစတာက ထရမ့်ကိုအကြံပေးခဲ့သော်လည်း ထရမ့်သည် ယင်းအကြံပေးမှုကို နားမထောင်ဘဲ ချီးကျူးစကားပြောဆို ခဲ့ကြောင်း အိမ်ဖြူတော်သတင်းထောက် တာရာမက်ကယ်ဗေး ကပြောဆို ခဲ့သည်။ ထို့ပြင် မက်မာစတာက သမ္မတထံသို့ အစီရင်ခံမှုများသည် လူတတ်ကြီးလုပ်လွန်းရာရောက်သည် ဟု ထရမ့်က ယူဆခဲ့ကြောင်း ပြောဆိုမှုများရှိခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply