(၂) နှစ် (၅) လ အရွယ်ကလေးငယ်ကို မုဒိမ်းပြုကျင့်သူအား မသေမခြင်း လည်ပင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ

0
183

မန္တလေး၊ မတ် ၂၃၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ဝန်စုကျေးရွာ တွင်ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်ခံရသော (၂) နှစ် (၅) လ အရွယ်ကလေးငယ် သေဆုံးခဲ့မှုတွင် ကျူးလွန်သူကို (၇) ရက်အတွင်း မသေမခြင်း လည်ပင်း ကြိုးကွင်းစွပ် သတ်ရန် မတ်လ (၂၃) ရက်နေ့က ပြင်ဦးလွင် ခရိုင်တရားရုံးမှ အမိန့်ချခဲ့သည်။

ပြစ်မှုကျူးလွန်သူကို မတ်လ ၁၂ ရက်နေ့က ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ၂၄ ဦးကို မတ်လ (၁၅) (၁၆) နှင့် (၁၉) (၂၀) (၂၁) ရက်နေ့တို့တွင် ကြားနာစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကာ မတ်လ (၂၂) ရက်နေ့တွင် စွဲချက်တင်အမိန့်ချခဲ့သည်။

ယင်းအမှု ဖြစ်ပွားသည့်နေ့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖြစ်ပြီး ကလေး မိဘများ သည် ကျေးရွာအနီးရှိ တောတန်းတစ်ခုတွင် လှည်းဖြင့် ထင်းခုတ် သွားသည့်နေရာသို့ ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့ကာ တောတန်း အနီးမှ မိတ်ဆွေ မိသားစုတစ်ခုထံ အပ်နှံထားခဲ့ရာမှ ကလေးငယ်မှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးသွားသည့်ကလေးငယ်ကို လိုက်လံရှာဖွေရာတွင် လယ်ကွင်းတစ်ခု၌ ဖြိုးထက်အောင် (၂၅) နှစ်က သားမယားပြုကျင့်နေသည်ကို ယင်းကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီး အော်ဟစ်အကူအညီတောင်းခဲ့ရာ ကျူးလွန်သူမှာ ထွက်ပြေး သွားခဲ့သည် ။ ထို့နောက်သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ ကျူးလွန်သူအား ဘောင်ကြီးတံတားချောင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဒီလို ကြိုးကွင်းစွပ် သတ်ဖို့ အမိန့်ချတာက စံနမူနာ ဖြစ်သွားမှာပါ ။ ခုလို အမိန့်ချတဲ့ အပေါ်မှာ ကျေနပ်ပါတယ် ။ ပြုကျင့်သူမိသားစုဝင်တွေတော့ သနားပါတယ် ။ ဒါပေမယ့် ဒီလို အမှုမှာ သေဒဏ်မချရင်တော့ ကျွန်တော်တို့ ဆန္ဒပြဖို့ရှိပါတယ် ။ ခုတော့ ကျွန်တော်တို့ တောင်းဆိုတာဖြစ်တဲ့အတွက် ပြန်လာလိုက်တယ်”ဟု သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးတောင်းဆိုသူ ဦးသန်းလွင်က ပြောသည်။

ထိုသို့ မုဒိမ်းကျင့်ခံရသော (၂) နှစ် (၅) လ အရွယ်ကလေးငယ် သေဆုံးခဲ့ မှုနှင့် ပတ်သက် ၍ ကျူးလွန်သူအား သေဒဏ်ချပေးရေးအတွက် ဖေဖော်ဝါရီ လထဲက မတ္တရာမြို့ပေါ်တွင် လူအင်အား ထောင်နှင့်ချီကာ ဆန္ဒပြခဲ့ပြီး မတ်လ (၂၀) ရက်နေ့ကလည်း ပြင်ဦးလွင်မြို့ပေါ်တွင် ဆန္ဒပြခဲ့သည်။

နိုင်လင်းဦး

Leave a Reply