နိုင်ငံတော်သမ္မတဦးထင်ကျော်မှာ ကျန်းမာရေးကြောင့် အနားယူခြင်း မဟုတ်ဟု ဇနီးဖြစ်သူပြောကြား

0
154

နေပြည်တော်၊ မတ် ၂၃၊၂၀၁၈

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရာထူးမှ နှုတ်ထွက်ခြင်းသည် ကျန်းမာရေး အခြေအနေအရ အနားယူခြင်းမဟုတ်ကြောင်း ၎င်း ၏ဇနီးဖြစ်သူ ဒေါ်စုစုလွင်ကပြောကြားသည်။

“ကျန်းမာရေးကို စိုးရိမ်ကြတာပေါ့၊။တော်တော်လေးလည်းလူမှုကွန်ယက်မှာ ဆုတောင်းပေးတဲ့သတင်းမြင်ရပါတယ်။အန်တီတို့အတွက်စိတ်ပူပေးတဲ့လူ
တွေ ဆုတောင်းပေးတဲ့လူတွေကျေးဇူးအများကြီးတင်ပါတယ်။ ကျန်းမာရေး အခြေအနေအတွက် မစိုးရိမ်ပါနဲ့လို့ပြောချင်ပါတယ်။ အခုအနားယူတဲ့ ကိစ္စကလည်း ကျန်းမာရေးအတွက်မဟုတ်ပါဘူး။ဒါပေမယ့် လွန်ခဲ့တဲ့ ၆ လလောက်ကတော့ ခွဲစိတ်ခံယူထားတာရှိပါတယ်။ အဲ့အတွက် ကျန်းမာရေး အားနည်းခဲ့ပါတယ်။ နောက်ပြီးတော့ တကယ်တော့ စားသင့်စားထိုက် နေသင့်နေထိုက်တဲ့ပုံတော့ အန်တီစကား နားမထောင်ပဲ နေတာတော့ အမှန်ပဲ။ နောက် ပူတာအိုခရီးကပြန်လာတော့ ၀မ်းတွေပျက်ပြီးနေမကောင်း တော်တော်လေးဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်လကျော်လောက်က စင်္ကာပူမှာ ဆေးပြန်စစ်တော့ အားလုံးကောင်းပါတယ်။ သူလည်း ၀ိတ်ပြန်တက်လာ ပါတယ် ။ဒီလိုနားဖို့ဆိုတာက ရုတ်တရက်ကြီးလုပ်တာ မဟုတ်ပါဘူး။ စောစောကတည်းကကြိုတင်ပြီးတော့ စီစဉ်တာပါ” ဒေါ်စုစုလွင် ကပြောသည်။

မတ်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်သည့် သမ္မတရွေးချယ် တင်မြှောက် ရေး အဖွဲ့တွင် ပါဝင်သည့် ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များအစုအဖွဲ့အစည်းအဝေး ခတ္တနားချိန်တွင် သတင်းထောက် များ၏မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင်ပြည်သူများအနေဖြင့် နောင်တက်လာမည့် ပုဂ္ဂိုလ်အတွက် စေတနာ ထားကာဝိုင်းဝန်းကူညီပေးစေလိုကြောင်း၊ပပင်စင်အတွက် အခွင့်အရေး အတွက် လည်း စဉ်းစားထားတဲ့သူတွေမဟုတ်ကြောင်း၊ တိုင်းပြည်အတွက် ပေးဆပ်ရန်သာ စဉ်းစားထားကြောင်း၊ပိုင်ဆိုင်မှုများသည်လည်း ပွင့်ပွင့် လင်းလင်းပဲရှိကြောင်းဒေါ်စုစုလွင်ကပြောသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မတ်လ ၂၁ ရက်နေ့မှစ၍ လက်ရှိတာဝန်မှ အနားယူလိုသောကြောင့် နိုင်ငံတော်သမ္မတရာထူးမှ နှုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ယဉ်ကေနွယ်

Leave a Reply