နယ်သာလန်နိုင်ငံမှာ ဆက်နေဖို့ ကလွိုက်ဘတ်ကို အကြံပေးလိုက်တဲ့ နည်းပြ ကိုးလ်မန်း

0
190

မတ် ၂၃ ၊ ၂၀၁၈

နယ်သာလန်ကလပ် အေဂျက်အသင်းရဲ့ တောင်ပံကစားသမား ကလွိုက်ဘတ်အနေနဲ့ တိုးတက်မှုတွေ ဆက်လက်ရနိုင်ဖို့အတွက် နယ်သာလန်မှာ ဆက်နေဖို့ ရော်နယ်ကိုးလ်မန်း က သတိပေးလိုက်ပါတယ်။

ပတ်ထရစ်ကလွိုက်ဘတ်ရဲ့ သားဖြစ်တဲ့ ကလွိုက်ဘတ်ဟာ ယခုအခါ နယ်သာလန်လက်ရွေးစင်အသင်းကြီးရဲ့ ခေါ်ယူခြင်းကို ခံထားရပြီး အင်္ဂလန်၊ ပေါ်တူဂီ တို့နဲ့ကစားမယ့် ချစ်ကြည်ရေးပွဲစဉ်တွေမှာ ပါဝင်ခွင့် ရတော့မှာ ဖြစ်ပါတယ်။

ကလွိုက်ဘတ်ဟာ အင်္ဂလန်ကလပ်ဖြစ်တဲ့ မန်ယူအသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး ကလွိုက်ဘတ်အနေနဲ့ အပြောင်းအရွှေ့ တွေလုပ်ဖို့ အချိန်စောသေးတယ်လို့ နယ်သာလန်နည်းပြ ကိုးလ်မန်းက သတိပေးခဲ့တာ ဖြစ်ပါတယ်။

“လူငယ်ကစားသမားတစ်ယောက်အနေနဲ့ ပွဲထွက်ခွင့် ပုံမှန်ရနေတဲ့ နယ်သာလန်မှာပဲ နေသင့်ပါသေးတယ်။ ဒါမှ သူဟာ ပိုပြီး တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ သူနဲ့ အေဂျက်အသင်းရဲ့ စာချုပ်က သူ့အတွက် စကားပြောပါလိမ့်မယ်”လို့ ကိုးလ်မန်းက ဆိုပါတယ်။

ဒါ့အပြင် ကလွိုက်ဘတ်ဟာ အသက် ၁၈နှစ်သာ ရှိသေးတဲ့အတွက် အင်္ဂလန်ပရီးမီးယားလိဂ်မှာ ဖိအားတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး ပုံမှန်ပွဲထွက်ခွင့်တွေ ဆုံးရှုံးနိုင်တယ်လို့ ကိုးလ်မန်းက သုံးသပ်ပါတယ်။

သူဟာ လက်ရှိမှာ အေဂျက်နဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး နယ်သာလန်အသင်းအတွက် ရွေးချယ်ခံခဲ့ရပါတယ်။ ဒါကြောင့် အနာဂတ်အတွက် နယ်သာလန်မှာ အချိန်တစ်ခုအထိ နေထိုက်သင့်သေးတယ်လို့ ကိုးလ်မန်းက ဆက်ပြောသွားပါတယ်။

NN

Leave a Reply