ပြင်သစ်ရှိ ဈေးဝယ်စင်တာတစ်ခုအတွင်း သေနတ်သမားဝင်ရောက်ပစ်ခတ်၊ သုံးဦးသေဆုံး

0
148

ပါရီ မတ် ၂၄

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ထရီဘဲစ်မြို့၌ မတ် ၂၃ ရက် ဒေသဆိုင်ရာစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဈေးဝယ်စင်တာ တစ်ခုအတွင်း သေနတ်သမားတစ်ဦးဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် လူသုံးဦးခန့်သေဆုံးခဲ့ကြောင်း ပြင်သစ်ရဲတပ်ဖွဲ့ဝင်များကပြောဆိုခဲ့သည်။

သေနတ်သမားသည် ဆူပါယူ ဈေးဝယ်စင်တာတွင်းရှိသူများကိုလည်း ဓားစာခံများအဖြစ် ဖမ်းဆီးခဲ့သည်။စေ့စပ်ညှိနှိုင်း မှုများမအောင်မြင် ခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် ဈေးဝယ်စင်တာတွင်းဝင်ရောက်ပြီး သေနတ်သမားများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ စစ်ဆင်ရေးအတွင်း ဓားစာခံများလွတ်မြောက်ရေးလုပ်ဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ခုကပြောဆိုခဲ့သည်။

တိုက်ခိုက်သူသည် ဓားများ၊ သေနတ်တစ်လက်နှင့် လက်ပစ်ဗုံးများကို သယ်ဆောင်လာခဲ့ပြီး ဈေးဝယ်စင်တာတွင်း မဝင်ရောက်မီတွင် အလ္လာ ဟုအက္ကဘာ( အလ္လာအရှင်မြတ်သည် အတုမရှိ) ဟု ကြွေးကြော် ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးကပြောဆိုခဲ့သည်။

တိုက်ခိုက်သူသည် အသက် ၂၅ နှစ်အရွယ် ရာဒိုလက်ခ်ဒင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ပြင်သစ်နိုင်ငံသည် အစ္စလာမ်အကြမ်းဖက် တိုက်ခိုက်မှုကိုခံခဲ့ရကြောင်း ပြင်သစ်သမ္မတဧမာနွေလမာခရွန်က ရုပ်သံ မှတစ်ဆင့်ပြောဆိုခဲ့သည်။ ယခုတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကပြောဆိုခဲ့သည်။

ဓားစာခံတစ်ဦးနှင့် နေရာချင်းလဲလှယ်ရန် သဘောတူခဲ့သည့် ရဲတပ်ဖွဲ့ဝင် အာနိုးဘယ်ထရမ်သည် သေနတ်သမား၏ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်စရာရှိနေကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ အာနိုးဘယ်ထရမ် သည် အသက်များစွာကိုကယ်တင်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များနှင့် နိုင်ငံကို ဂုဏ်တက်စေခဲ့ကြောင်း မာခရွန်ကပြောဆိုခဲ့သည်။

တိုက်ခိုက်မှုကျူးလွန်သူ လက်ခ်ဒင်သည် ပိတ်ပင်ထားသည့် လက်နက် ကိုင်ဆောင်မှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများဖြင့် ပြစ်ဒဏ်ချမှတ် ခံခဲ့ရပြီးဖြစ် ကာ အစွန်းရောက်အယူများကြောင့် ရဲတပ်ဖွဲ့၏စောင့်ကြည့်ခံရသူ စာရင်းတွင် ပါဝင်ခဲ့ကြောင်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရာရှိ ဖရန်ဆွာမိုလင်စ်ကပြောဆိုခဲ့သည်။

လက်ခ်ဒင်သည် မော်ရိုကိုနိုင်ငံမြောက်ပိုင်း တာဇာ၌ မွေးဖွားခဲ့ပြီး ပြင်သစ်နိုင်ငံသားခံယူထားသူဖြစ်သည်။ လက်ခ်ဒင်သည် ထရီဘဲစ်မြို့၌ တိုက်ခိုက်မှုမပြုမီတွင် အနီးအနားရှိ ကာကက်စ်ဆွန်းမြို၌ နံနက် ၁၀ နာရီ ကျော်ခန့်တွင် မော်တော်ယာဉ်တစ်စီးကို လုယူပြီး အတွင်းရှိ လူနှစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း မိုလင်စ်ကပြောဆိုခဲ့သည်။ ခရီးသည်မှာ သေဆုံးခဲ့ပြီး ယာဉ်မောင်းမှာမူ စိုးရိမ်စရာရှိနေကြောင်း ၎င်းကပြောဆိုခဲ့သည်။ ယင်းနောက်တွင် လက်ခ်ဒင်သည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အပြေးလေ့ကျင့်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ခဲ့သည်။

လက်ခ်ဒင်သည် ဈေးဝယ်စင်တာတွင်း ဝင်ရောက်ပြီးနောက်တွင် အကျဉ်းထောင်ထဲရှိ ညီနောင်များကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် ဈေးဝယ်စင်တာတွင်း လူ ၅၀ ဦးခန့်သာရှိပြီး တချို့သည် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။

Source:AFP

ရိုးမြေ

Leave a Reply