ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်များ

0
135

ရန်ကုန် ၊ မတ် ၂၅ ၊ ၂၀၁၈

အခုတစ်ပတ်မှာ အရင်ဆုံး နိုင်ငံတော်သမ္မတဦးထင်ကျော် ရာထူးကနေ နုတ်ထွက်တဲ့ သတင်းလေးနဲ့ စလိုက်ပါရစေ။ အရပ်သားအစိုးရစစ်စစ်လို့ အများပြည်သူက ခေါ်ဝေါ်နေကြတဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ မတ်လ ၂၁ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်ပါတယ်လို့ ကြေညာလိုက် ပါတယ်။ သမ္မတ ရာထူးကနေ နုတ်ထွက်တဲ့ သတင်းဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ပခရီးစဉ်က ပြန်လာပြီး နောက်နေ့မနက်မှာ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ တဆက်ထဲမှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာလည်း လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေ အဲ့နေ့မှာပဲ နုတ်ထွက် ခဲ့ပါတယ်။ ဦးဝင်းမြင့်ဟာ နောက်ရက်တွေမှာတော့ သမ္မတအဖြစ် အရွေးခံ ရဖို့ အတွက် ဒုတိယသမ္မတ အဖြစ် အရွေးခံခဲ့ရာမှာ လွှတ်တော်ရဲ့ မဲတွေနဲ့ အနိုင်ရခဲ့ ပါတယ်။ NLD ပါတီရဲ့ အမာခံပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ဦးဝင်းမြင့် ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြောစကားကို အမြဲ ဂရုစိုက်နားထောင်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်ကို သမ္မတအဖြစ် ရွေးချယ်မယ်ဆိုတာ သိပ်ပြီး ထူးဆန်းနေမယ့် အရာတော့ မဟုတ်ပါဘူး။ ဦးဝင်းမြင့်ဟာ ၂၀၁၂ ကနေ ၂၀၁၅ အထိ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွေမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ အနီးစပ်ဆုံး ထိုင်ခုံမှာ နေရာရခဲ့သလို ၂၀၁၅ အလွန်ကာလ တွေမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တုန်းက လွှတ်တော် ကိုယ်စားလှယ်အဖြစ်သာ ကျန်နေသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “အစ်မကြီးလွှတ်တော်ထဲမှာ ရှိနေရင် ကျွန်တော်လုပ်ရကိုင်ရတာ အဆင်မပြေတဲ့အကြောင်း” ပြောဆိုခဲ့တဲ့ သာဓကလေးတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါဟာ သူ့ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစား ယုံကြည်တဲ့ ဂါရ၀ပြုမှုတစ်ခုသာ ဖြစ်ပါတယ်။ NLD ပါတီရဲ့ အစိုးရ အဖွဲ့ဝင်တွေထဲမှာ ၀ါအရရော နိုင်ငံရေးဖြတ်သန်းမှုအရပါ အတွေ့ အကြုံရှိနေတဲ့ ဦးဝင်းမြင့်တစ်ယောက် သမ္မတ ဖြစ်လာခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအတွက် တစ်စုံတရာ အားကိုစရာ တစ်ခုတော့ ဖြစ်လာမှာ မလွဲပါဘူး။ ဒါကြောင့် မြန်မာ့နိုင်ငံရေး အခြေအနေဟာ ဘယ်လိုတွေ ဆက်ရှိလာဦးမလဲဆိုတာ ခန့်မှန်းရ ပို၍ ခက်ခဲလာပြီပဲ ဖြစ်ပါတယ်။

ဒီတစ်ခါတော့ အကယ်ဒမီပေးပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်တဲ့ သတင်းလေးတင်ပြချင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ သည့်နောက် NLD ပါတီကို အများကြီးကူညီခဲ့တဲ့ ရုပ်ရှင်လောက သားတွေကို ပါတီအနေနဲ့ အစိုးရဖြစ်ချိန်မှာ ပစ်ထားတယ်လို့ သတင်းတွေ ကြားရတဲ့အတွက် အခုပွဲကို တက်ရောက်ပြီး မိန့်ခွန်းလာပြောတာပါလို့ အတိုင်ပင်ခံက ရှင်းပြခဲ့ပါတယ်။ ၂၀၁၇ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားမှာ ဆုအားလုံး ပေါင်း ၁၂ ခုပေးအပ်ခဲ့ပါတယ်။ အကယ်ဒမီဆုပေးပွဲအပြီးမှာတော့ လတ်တလော လူမှုကွန်ရက်မှာ ခေတ်အစားဆုံး ဖြစ်နေတဲ့ မုဒြာရဲ့ ခေါ်သံ ၊ ဥပါယ်တံမျဉ်း စတဲ့ ဇာတ်ကားတွေရဲ့ ဖန်ဆင်းရှင်တွေ ဖြစ်တဲ့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ရဲ့ အကယ်ဒမီပေးပွဲ တက်ရောက်တဲ့ ဓာတ်ပုံလေးတွေက ဆက်တိုက် ပေါ်ထွက်လာခဲ့ပါတယ်။ ဓာတ်ပုံတွေရဲ့ ဟန်ပန်အမူအရာတွေ အရတော့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဟာ တစ်ယောက်လက်ကို တစ်ယောက်မြဲနေအောင်တွဲပြီး အရာရာကို ရင်ဆိုင်ဖြတ်သန်းမယ်ဆိုတဲ့ အသွင်သဏ္ဍာန်မျိုးလေးတွေကို သရုပ်ဖော်ပြနေကြပါတယ်။ သူတို့ဇနီးပေါင်နှံကို ဘယ်သူမှ ပြောဆိုနှုတ်ဆက်မှု မတွေ့ရ။ ဘယ်သူမှ မေးထူးခေါ်ပြောမရှိဘဲ သူစိမ်းပြင်ပြင် အမူအရာတွေနဲ့ ရင်ဆိုင်နေကြရ တာကတော့ စိတ်မကောင်းစရာမြင်ကွင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ တစ်ခုအဖြစ် အသွင်ကူးပြောင်းဖော်ဆောင်နေတာ ဖြစ်ပါတယ်။ဒီမိုကရေစီဆိုတာ မတူတဲ့ အယူအဆတွေကို ပေါင်းပြီး ကောင်းဖို့အတွက် တူရာစုလုပ်တဲ့ စနစ်ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဟာ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် သူတို့တတ်စွမ်းတဲ့ အနုပညာအစွမ်းတွေနဲ့ ရုပ်ရှင်လောကထဲကို ထိုးဖောက်ဝင်ရောက်လာကြတာအားလုံးအသိပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက် ဟာ ရုပ်ရှင်လောက ကောင်းဖို့အတွက်ပဲ သူတို့ကြိုးစားနေတာပါ။ ဒါကို ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ သဘောမျိုး ဟန်ပန်မျိုးတွေနဲ့ ဖယ်ကျဉ်ပြီး ဆက်ဆံနေကြတာကတော့ မြင်ရတွေ့ရတာ စိတ်မကောင်းစရာမြင်ကွင်း တစ်ခုဖြစ်ပါတယ်။ ပြောင်းလဲချိန် တန်ပါပြီလို့သာ။

အခုတင်ပြချင်တဲ့သတင်းကတော့ သက်ငယ်မုဒိမ်းမှုတစ်ခုကို သေဒဏ် စပေးလိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ အသက် ၂နှစ်နဲ့ ၅လအရွယ် ကလေးကို မုဒိမ်းမှုကျူးလွန်ခဲ့တဲ့သူကို သေးဒဏ်ပေးလိုက်တဲ့သတင်းဟာ ယခုတစ်ပတ်ထဲမှာ တကယ်ဖြစ်လာခဲ့ပါတယ်။ မန္တလေးမြို့ ပြင်ဦးလွင်က ၀န်စုကျေးရွာမှာ အဆိုပါဖြစ်စဉ် ဖြစ်ခဲ့ပြီး အကျူးလွန်ခံခဲ့ရတဲ့ ကလေးငယ်ဟာ သေဆုံးခဲ့ရပါတယ်။ ဒီအမှုအတွက် တရားလိုပြသက်သေ ၂၄ ဦးအထိ စစ်ဆေးခဲ့ပြီး နောက်ဆုံး မတ်လ ၂၃ ရက်နေ့မှာ ကျူးလွန်သူကို သေဒဏ်ပေးလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော အဖြစ်အများဆုံး အမှုတွေကတော့ မုဒိမ်းမှုနဲ့ မူးယစ်ဆေးဝါး ဖမ်းမိတဲ့ အမှုတွေပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချသုံးစွဲတဲ့ အမှုတွေကိုလည်း နေရာအစုံမှာ ဖမ်းမိနေသလို မုဒိမ်းမှု ဖြစ်စဉ်တွေ ဟာလည်း အသက်အရွယ်မရွေးဘဲ နေရာအစုံမှာ ဖြစ်ပျက်နေခဲ့ပါတယ်။ ဒါပေမယ့် မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးတာကတော့ ယခုပြင်ဦးလွင်က အမှုက ယနေ့ခေတ်အတွက် ပထမဆုံး ဖြစ်စဉ်ဖြစ် ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသမီးတွေရဲ့ နေထိုင်မှုဘ၀ လုံခြုံစိတ်ချမှု ရှိစေရေးအတွက် မိန်းခလေးတွေအပေါ် အမြတ် ထုတ်စော်ကားတဲ့ ဖြစ်စဉ်တွေကို ဥပဒေအရ ထိထိရောက်ရောက် ဆက်လက်ကိုင်တွယ်ဖို့ အချိန်တန်နေပြီ ဖြစ်ပါတယ်။ သူတစ်ပါတရဲ့ သားပျို သမီးပျို ၊သူတစ်ပါးရဲ့ သားမယားအပေါ် ကိုယ်ရဲ့ လိင်မှုကိစ္စပြသနာ အတွက် မစာမနာဘဲ ပြုကျင့်စော်ကားတဲ့လူတွေကို မြန်မာ့လူ့အဖွဲ့ အစည်းမှာ မထားသင့်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် သက်ငယ်မုဒိမ်းပဲ ဖြစ်ဖြစ် သက်ကြီးမုဒိမ်းပဲ ဖြစ်ဖြစ် စစ်ဆေးမှုတွေ တိကျခိုင်မာလာရင်တော့ သေဒဏ်ပေးသင့်နေပါပြီ။ ဒါမှသာ နောက်နောင် မကျူးလွန်ရဲတော့ဘဲ ဆင်ခြင်နိုင်ကြမယ်လို့ ယူဆမိပါတယ်။

အခုတစ်ခါတော့ အရက်သောက်ပြီးအိမ်ပြန်လာတဲ့ မိန်းမကို ယောက်ျားဖြစ်သူက ပြောဆိုရာကနေ လင်မယား စကားများပြီး မိန်းမက ယောက်ျားကို သတ်လိုက်တဲ့ အမှုအကြောင်းကို တင်ပြချင်ပါတယ်။ ဒဂုံတောင်မြို့နယ်မှာ အရက်သောက်လာတဲ့ ဇနီးကိုခင်ပွန်းဖြစ်သူက ပြောဆိုစကားများရာကနေ ဇနီးက ခင်ပွန်းကို တွန်းလှဲပြီး လည်ပင်းကို လွယ်အိတ်ကြိုးနဲ့ချည်ကာ တက်ခွပြီး ကတ္တရာလမ်းနဲ့ ခေါင်းကို ဆောင့်သတ်ခဲ့တာ ဖြစ်ပါတယ်။အရက်သမား အမှားတစ်ရာဆိုတဲ့ စကားအရ အရက်သေစာ သောက်စားထားမိရင် အမှားအမှန်ခွဲခြားဖို့ အင်မတန် ခက်ခဲတဲ့ အခြေအနေတွေ ရှိလာတတ်ပါတယ်။ အရက်ကြောင့် သွေးဆူလွယ်ပြီး သည်းခံစိတ်တွေလည်း ပျောက်ဆုံးတတ်ပါတယ်။ ဒါကြောင့် အရက်သေစာသောက်စားမှုဟာ ကောင်းကျိုးထက်ဆိုကျိုးကို ပေးလေ့ရှိတာကို သတိပြုသင့်ပါတယ်။ နောက်တစ်ခုကတော့ လင်နဲ့မယားဆိုတာ အရင်နှီးဆုံးသူစိမ်းတွေပဲ ဖြစ်ကြပါတယ်။ လျှာနဲ့ သွားလိုပဲ အခန့်မသင့်ရင် ကိုက်မိတတ်ပါတယ်။ သို့သော်လည်း စကားများကြရာမှာ ပြောဆိုရန်ဖြစ်ကြရာမှာ ကိုယ်ထိလက်ရောက်ဖြစ်စဉ် တွေ မပါသင့်ပါဘူး။ တစ်ယောက်စိတ်ဆိုးနေရင် တစ်ယောက်က အလျော့ပေးပြီး ပြောဆို ဆက်ဆံနိုင်မှသာ ရေရှည်အတွက် ခရီးဆက်နိုင်ကြ မယ် ထင်ပါတယ်။ ဒီမှုခင်းဖြစ်စဉ်လေးကို ဖတ်ပြီး သင်ခန်းစာ ရရှိနိုင်ကြပါစေ။

ဒီတစ်ခါတော့ အများသုံးသန့်စင်ခန်းတွေရဲ့ အကြောင်းလေးကို တင်ပြ ပါရစေ။ ရန်ကုန်မြို့တော်ဝန်က ယခုတစ်ပတ်လွှတ်တော်အစည်း အဝေးမှာ ဘတ်ဂျက်အခက်အခဲကြောင့် သန့်စင်ခန်းတွေကနေ ငွေကြေးကောက်ခံနေ ရ တာပါလို့ ဆိုလိုက်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ၀င်ငွေတွေ တိုးတက်လာရင်တော့ အများသုံးသန့်စင်ခန်းတွေ ကို အခမဲ့ အသုံးပြုခွင့်ပေးမယ်လို့ ဆိုလိုက်ပါတယ်။ အများသုံးသန့်စင်ခန်း တွေမှာ အသုံးပြုနေတဲ့ ၀န်ထမ်းစရိတ် ၊ ရေဆိုးထုတ်လွှတ်မှုနဲ့ သန့်စင်ခန်း တည်ဆောက်မှုစရိတ်တွေကြောင့် လတ်တလောမှာတော့ အခမဲအဖြစ် ဆောင်ရွက်ဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။ ရန်ကုန်မြို့မှာ နေထိုင် သွားလာမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဘယ်အရာမှ အလကား မရပါဘူး။ နောက်ဆုံး အပေါ့အလေးစွန့်မယ်ဆိုရင်တောင် ပိုက်ဆံ တစ်ရာ ကျသင့်ပါတယ်။ လမ်းဘေးမှာ အပေါ့အလေးစွန့်ရင်လည်း ရဲနဲ့တွေ့ရင် အဖမ်းခံရမှာ ဖြစ်ပါတယ်။ တကယ်လို့သာ အပေါ့အလေးစွန့်တဲ့ သန့်စင်ခန်းတွေကို အခမဲ့ဆောင်ရွက်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ ခရီးသွားပြည်သူနဲ့ မြို့နေပြည်သူတွေအတွက် အနည်းနဲ့အများ ကုန်ကျစရိတ်လေးတွေ သက်သာလာပါလိမ့်မယ်။အဆိုပါကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါရစေ။

အခုတင်ပြချင်တဲ့ သတင်းကတော့ အာဏာရပါတီရဲ့ ပြောရေးဆိုခွင့်ရှိ သူတွေ ပြင်ဆင်သတ်မှတ်လိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို မတ်လ၂၄ ရက်နေ့မှာပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးကြေညာခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ အသစ်တွေကတော့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်တို့ ဖြစ်ပါတယ်။ ယခင်က ပါတီရဲ့ သတင်းအချက်အလက်တွေကို ပြောဆိုပေးနေတဲ့ ဦးဝင်းထိန်ကိုတော့ ဘယ်လိုနေရာမှာ တာဝန်ပြန်ပေး မယ်ဆိုတာ မသိရသေးပါဘူး။ အခုလို ပြောရေးဆိုခွင့်ရှိသူတွေကို ပါတီ ကနေ ရွေးချယ်လိုက်ရာမှာ အစိုးရအဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ပါဝင်နေတာကတော့ မဖြစ်သင့်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေ ဟာ အစိုးရတာဝန်ကို ထမ်းဆောင်နေရတဲ့ အချိန်မှာ ပါတီရဲ့ အလုပ်တွေကို လုပ်ခွင့်မရှိဘူးလို့ ခြေ/ဥမှာ ရေးဆွဲထားပါတယ်။ ဒေါက်တာဇော်မြင့်မောင် အနေနဲ့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်လာတာဟာ အခြေခံဥပဒေကို ဖောက်ဖျက်သလို ဖြစ်နေပါတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေကြပါတယ်။ နိုင်ငံ့ဝန်ထမ်း တိုင်းဒေသကြီး ၀န်ကြီးချုပ်တစ်ယောက်ဟာ ပါတီရဲ့ပြောရေး ဆိုခွင့် ရှိသူအဖြစ် တာဝန်ယူမယ်ဆိုတာ ဖွဲ့စည်းပုံမှာ ပါတဲ့ နိုင်ငံတော်ရဲ့ အခြေခံမူများ ပုဒ်မ ၂၆။ (က)ကို ချိုးဖောက်နေတဲ့အတွက် ပြန်လည် စဉ်းစားသင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။

အခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ အမျိုးသားတွေအတွက် အထူး သတင်းပဲ ဖြစ်ပါတယ်။ ယမကာကို ကြိုက်နှစ်သက်တဲ့ အမျိုးသားတွေ အတွက် ယခုတစ်ပတ်မှာ အရက်အတုတွေ ဖမ်းမိတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ လှိုင်မြို့နယ် ပိတောက်ချောင်းရဲစခန်းကနေ နိုင်ငံခြား အရက်အတု ပြုလုပ်ရောင်းချတဲ့ အဖွဲ့ကို ဖမ်းလိုက်နိုင်တဲ့ သတင်းဟာ ယမကာသမားတွေအတွက် စိုးရိမ်ဖွယ်ရာသတင်းပဲ ဖြစ်လာရပါတယ်။ အရက်အတုပြုလုပ်ရောင်းချပြီး တစ်နိုင်ငံလုံးကို ဖြန့်ချိနေတဲ့ သတင်းဟာ အရက်ကြိုက်သူတွေရဲ့ ကျန်းမာရေးအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်နေပါတယ်။ အဆိုပါအဖွဲ့ ဖြန့်ဖြူးထားတဲ့ ဆိုင်တွေကနေ ဖမ်းမိတဲ့ အရက်အတုတွေ ထဲမှာ ယနေ့ ယမကာသမား အများစု မှီဝဲနေတဲ့ Red Label 1 ၊Black Label ၊ Double Black ၊ Chivas ၊ DUNFIFE ၊ High Commissioner စတဲ့ အရက်တွေ ပါဝင်နေပါတယ်။ သည်လိုအရက်အတုတွေဟာ ဘယ်အချိန်လောက်ကတည်းက ဈေးကွက်ထဲကို ရောက်ရှိနေသလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ပုလင်းအဟောင်းတွေကို ဆေးကြောပြီး အဖုံးအဟောင်းတွေကို ပြန်လည်ပြုပြင်ကာ တံဆိပ်အသစ်တွေ ကပ်လို့ စက်ရုံ ထုတ်အရက်ပုလင်းတွေလို ဖန်တီးရောင်းချနေတာ သောက်သုံးသူ တွေအတွက် အရမ်းကို အန္တရာယ်ကြီးတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ အရက်အကောင်းစားကို မှီဝဲဖို့ ၀ယ်သောက်ချိန်မှာ အရက်အတုနဲ့ တိုးမိတယ်။ ဈေးပေါတဲ့ အရက်တွေကို ၀ယ်သောက်တော့လည်း ကျန်းမာရေးအတွက် ဆိုးကျိုးတွေကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ အရက်ယမကာသောက်သုံးမှုတွေကို ရပ်တန်းက ရပ်သင့်ပါကြောင်း တင်ပြလိုက်ပါတယ်။ အစိုးရအနေနဲ့လည်း စားသုံးသူတွေရဲ့ အခွင့်အရေး ကာကွယ်ဖို့အတွက် အရက်အတုအပါအ၀င် ပြည်သူလူထုရဲ့ ကျန်းမာရေးကို ထိခိုက်မယ့် စားသောက်ကုန်တွေကို ယခုထက်ပိုပြီး စစ်ဆေးစုံစမ်းဖော်ထုတ်နိုင်ပါစေလို့ ဆုတောင်းလိုက် ရပါတယ်။

အထက်ပါ သတင်းကောက်နုတ်ချက်များကို ပဉ္စမလှိုင်းမီဒီယာ ၊ အကုန်သိ မီဒီယာ ၊ News Watch နဲ့ Yangon Police တို့မှတဆင့်ပြန်လည် သုံးသပ်ထားခြင်းဖြစ်ပါတယ်။

FWN

Leave a Reply