၆၆ (ဃ)ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ်အမှု မစစ်ဆေးဖြစ်

0
178

မန္တလေး၊ မတ် ၂၆၊ ၂၀၁၈

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တရားရုံးတွင် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၏အမှုတွင် သက်သေခံ ဗွီဒီယိုဖိုင်အား ပယ်ချရန် မန္တလေးခရိုင်တရားရုံး၌ ပြင်ဆင်မိန့်တင်ထားသည့်အတွက် အမှုတွဲမှာ ခရိုင်ရုံးသို့ရောက်နေသော ကြောင့် မတ်လ ၂၆ ရက်နေ့ရုံးချိန်းတွင် မစစ်ဆေးဖြစ်ကြောင်း သိရသည်။

ထိုသို့ သက်သေခံ ဗွီဒီယိုဖိုင်အား ပယ်ချရန်အတွက် မန္တလေး ခရိုင် တရားရုံးတွင် လျှောက်လဲချက်တင်ခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့သို့ ထပ်မံရုံးချိန်း ပေးခဲ့သည်။

“ဒီနေ့ရုံးချိန်းမှာက မြို့နယ်မှာ အမှုတွဲက မရှိဘူး။ ခရိုင်တက်ထားတယ်။ ခရိုင်တက်တာကလည်း RFA သတင်းဌာနက ဗွီဒီယိုဖိုင်ကို သက်သေအဖြစ် လက်ခံလို့ တက်တာဖြစ်တယ်။ ဒါ့ကြောင့် မြို့နယ်ရုံးမှာ ရောက်ကြောင်းပဲပြပြီး ပြီးသွားတယ်။ နောက်ရုံးချိန်းမှာ ခရိုင်ရော မြို့နယ်ရောက တစ်ရက်တည်း ရုံးချိန်းပေးလိုက်တယ်”ဟု ကိုဆွေဝင်း၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေကိုမျိုးမင်းဇော်က ပြောသည်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအနေဖြင့် ဦးဝီရသူကို ပါရာဇိကကျကြောင်း မန္တလေးမှ ဆရာတော်တစ်ပါး၏ ပြောစကားကို ကိုးကားရေးထားသည့် သတင်းအား ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေခဲ့သည်။

ထို့ကြောင့် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ၏ မိန့်ကြား ချက်ဖြင့် ဝံသာနုအားမာန်အဖွဲ့(အထက်မြန်မာပြည်)မှ ဦးကျော်မျိုးရွှေက Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ(၇)ရက်နေ့ က ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ)နှင့် အမှတ် (၇) နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

နိုင်လင်းဦး

Leave a Reply