ရှစ်လေးလုံးပါတီဟု နံမည်သုံးစွဲမှုအပေါ် အငြင်းပွားမှုများ ရှိနေခြင်းကြောင့် UECနှင့် ပါတီတည်ထောင်လိုသူများ ​တွေ့ဆုံဆွေးနွေး

0
94

နေပြည်တော်၊ မတ်လ ၂၆၊ ၂၀၁၈

ရှစ်လေးလုံးပါတီဟု နံမည်သုံးစွဲမှုအပေါ် အငြင်းပွားမှုများ ရှိနေခြင်းကြောင့် UEC နှင့် ပါတီတည်ထောင်လိုသူများ ​တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၂၆ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး (UEC)သို့ ဦးကိုကိုကြီးဦးဆောင်၍ ပါတီမှတ်ပုံတင် လျှောက်ထားမှုကိစ္စအတွက် လာရောက်တွေ့ဆုံခဲ့ကြသည်။

“အဓိကတော့ ကော်မရှင်အနေနဲ့ အခုအချိန်အထိ ပထမပိုင်းက သက်ဆိုင်ရာဌာနတွေအလိုက် ကျွန်တော်တို့ ပါတီ တည်ထောင်လိုသူများနဲ့ ပတ်သက်ပြီး စီစစ်နေတယ်ပေါ့။ စိစစ်ရေးကိစ္စတွေမှာ သူတို့ ဌာနအလိုက် အချိန်ယူရတဲ့ ကိစ္စတွေရှိတယ်။ ဒါကြောင့်​မို့လို့ ဌာနဆိုင်ရာတွေက စိစစ်တဲ့ အပိုင်းကတော့ ပြီးသွားပြီပေါ့။ ကော်မရှင်ကိုရောက်လာတဲ့ အခါကျတော့ ကော်မရှင်အနေနဲ့ ဒါကလည်း ကျွန်တော်တို့ကို အခုလို တွေ့ဆုံဆွေးနွေး တယ်ဆိုတာက ရင်းရင်းနှီးနှီးတွေ့ဆုံတဲ့အနေနဲ့ ဆွေးနွေးဖြစ်တယ်ဆိုတာကို တင်ပြပါတယ်”ဟု ပါတီ တည်ထောင်လိုသူများထဲမှ ဦးကိုကိုကြီးက ပြောသည်။

ထိုအပြင် ရှစ်လုံးလေးပါတီဟု နံမည်သုံးစွဲမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“နာမည်သုံးစွဲမှုကြောင့် အငြင်းပွားမှု ဘာညာများဖြစ်လာနိုင်သလားဆိုတာကို သူတို့အနေနဲ့ နည်းနည်းလေး စိုးရိမ်တယ်ဆိုတဲ့အကြောင်းကို မိသားစု ပုံစံမျိုး ရှင်းပြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကလည်း ဒီနာမည်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး အဆင့်ဆင့် လုပ်ဆောင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ စည်းရုံးလှုပ်ရှားမှုပေါ့​လေ၊ ကိုယ်စားပြုမှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကော်မရှင်ကို ပြန်ပြီးတော့ ရှင်းပြခဲ့ပါတယ်”ဟု ဦးကိုကိုကြီးက တွေ့ဆုံမှုအပြီး သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

နာမည်ကိစ္စနှင့် ပတ်သက်ပြီး နယ်အသီးသီးမှာရှိတဲ့ ပါတီ တည်ထောင် လိုသူတွေကို ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ပြီး UEC တာဝန်ရှိသူများနှင့် ဧပြီလ ၆ ရက်နေ့၌ ပြန်လည်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“နာမည်အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ဖိအားပေးတာ မဟုတ်ပါဘူး။ ကန့်ကွက်တာ မဟုတ်ပါဘူး။ အသံထွက်တဲ့ ဟာတွေအပေါ်မှာ ဒါလေးတွေကိုလဲ သူတို့အနေနဲ့ ရှင်းပြတာ ဆွေးနွေးတာ ဖြစ်ပါတယ်ပေါ့လေ။ ကျွန်တော်တို့လဲ သိပါတယ်။ နိုင်ငံရေးလောကထဲမှာ ဘယ်သူဘယ်ဝါဆိုတာတွေကအစ ကျွန်တော်တို့ သိပါတယ်။ တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ ဆန္ဒအရ ထုတ်ဖော်ကြတာ ဝေဖန်ကြတာတွေကိုလဲ ကျွန်တော်တို့က အလေးအနက် ထားပါတယ်”ဟု ဦးကိုကိုကြီးက ဆက်ပြောသည်။

ရှစ်လေးလုံးပါတီအဖြစ် တည်ထောင်လိုမှုကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က UEC သို့ လာရောက်လျှောက်ထား ထားခဲ့ခြင်း ဖြစ်သည်။

ပါတီတည်ထောင်ရန်အတွက် စုံညီအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးမှတဆင့် ပါတီတည်ထောင်လိုသူများစွာထဲမှ တာဝန်ခံဆောင်ရွက်မည့်သူ ၁၈ ဦးအားရွေးချယ်ကာ UEC ရုံးသို့ လာရောက်လျှောက်ထားထားခဲ့ခြင်း ဖြစ်သည်။

ယဉ်ကေနွယ်

Leave a Reply