အိမ်အကူမိန်းကလေးအား အက်ဆစ်ဖြင့်ပက်၍ နှိပ်စက်ခဲ့သူများကို တတိယအကြိမ်မြောက်ရမန်ယူ

0
130

မန္တလေး၊ မတ် ၂၆၊ ၂၀၁၈

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးငယ်တစ်ဦးကို အက်ဆစ်ဖြင့်ပက်ခြင်း၊ မျက်စိကွယ်အောင်နှိပ်စက်ခြင်းများ လုပ်ခဲ့သည့် အမျိုးသမီးနှင့် ပါဝင်ပတ်သက်သူများကို မတ်လ ၂၆ ရက်နေ့က ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် တတိယအကြိမ်မြောက် ချုပ်ရမန်ယူခဲ့ကြောင်း သိရသည်။

ပထမအကြိမ်ချုပ်ရမန်ကို မတ်လ(၁)ရက်နေ့မှ မတ်လ(၁၄)ရက်ထိ ပေးခဲ့ပြီး ဒုတိယအကြိမ် ချုပ်ရမန်ကို မတ်(၁၄)ရက်နေ့မှ မတ်လ(၂၆)ရက်အထိ ပေးခဲ့သည်။ ယခုအခါ မတ်လ (၂၆)ရက်နေ့မှာ မတ်လ(၃၀)ရက်နေ့အထိ တတိယအကြိမ်မြောက် ချုပ်ရမန် ​ပေးခဲ့သည်။

“ပြစ်ဒဏ် ၇ နှစ်အထက်ရှိတဲ့ ပုဒ်မတွေကို ချုပ်ရမန်က ရက်(၃၀)အထိ ​ပေးလို့ရတယ်။ ၇ နှစ်အောက်တွေကတော့ (၁၄)ရက်ပဲ ​ပေးတယ်။ ဒီနေ့က ကျန်တဲ့(၄)ရက်ကို ချုပ်ရမန်ထပ်ပေးတာ ဖြစ်တယ်။ အမှုမှာ ရဲလုပ်ထုံးလုပ်နည်းအရ စစ်ဆေးစရာတွေရှိသေးလို့ ရဲစခန်းက ချုပ်ရမန် ထပ်တောင်းတာဖြစ်တယ်” ဟု ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်စွာလင်းက ပြောသည်။

အက်ဆစ်နှင့် အပက်ခံရသည့် မိန်းကလေးမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မ…….ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် အက်ဆစ်ဖြင့်အပက်ခံခဲ့ရခြင်း ဖြစ်သည်။ သူမသည် ၂၀၁၈ ခုနှစ် မတ်လ(၁)နေ့တွင် အဆိုပါ နေအိမ်မှ ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

မ…….ကို ၂၀၀၈ ခုနှစ်က ဒေါ်မိုးမိုးမှ ၎င်းပိုင် စတိုးဆိုင်တွင် တစ်လလျင် ကျပ်တစ်သောင်းဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဒေါ်မိုမိုး၏ စတိုးဆိုင်တွင် နှစ်လခန့်သာ အလုပ်လုပ်ကိုင်ခဲ့ရကြောင်း ထို့နောက် ဆိုင်ပိတ်လိုက်သဖြင့် နေအိမ်တွင် အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်နေခဲ့ခြင်း ဖြစ်သည်။

ယင်းသို့လုပ်ကိုင်နေစဉ် ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်၏ မောင်မှ မ……..အား လူငယ်သဘာဝ ချစ်ရေးဆိုခြင်းနှင့် ပက်သက်ပြီး ဒေါ်နီနီနုနွယ်က ရေချိုးနေစဉ် အက်ဆစ်ဖြင့် ပက်ခဲ့ခြင်း ဖြစ်သည်။

အက်ဆစ်ဖြင့် အပက်ခံခဲ့ရသဖြင့် မ…….၏ ဘယ်ဘက်ဦးခေါင်းမှစကာ ခန္ဓာကိုယ် တစ်ခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး မျက်စိတစ်ဖက်မှာလည်း ကွယ်သွားခဲ့သည်။ ထို့ပြင် လက်မှာလည်း ကွေးဆန့်၍ မရသည့် အခြေအနေများသို့ ​ရောက်ရှိသွားခဲ့ကြောင်း ရဲစစ်ဆေးချက်များအရ သိရသည်။

ထို့နောက် မ……….အား အခန်းတစ်ခုအတွင်း ပိတ်လှောင်ထားခဲ့ပြီး၊ ဒဏ်ရာများသက်သာလာချိန်တွင် အိမ်ထဲမှ အိမ်အပြင်သို့ မထွက်စေပဲ အိမ်အလုပ်များကိုသာ လုပ်ကိုင်စေခဲ့ကြောင်း ဆယ်နှစ်တာမျှ အလုပ် လုပ်ခဲ့သည့် လုပ်အားခများကိုလည်း ပေးခြင်းမရှိကြောင်း သိရသည်။

ယင်းသို့ မ…….အား လုပ်အားခမပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းများပြုလုပ်ခဲ့သည့် ဒေါ်နီနီနုနွယ်နှင့် အိမ်ရှင်ဖြစ်သူ ဒေါ်မိုးမိုးတို့အား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ)၁၀၁/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၄/၃၂ တို့ဖြင့် ဖမ်းဆီးအမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ထို့အပြင် မ…….မှ တရားလိုပြုလုပ်၍ ဒေါ်နီနီနုနွယ်နှင့် ယောက်ျားဖြစ်သူ သူရ (ခ) အားတီ ၊ အိမ်ရှင်ဖြစ် ဒေါ်မိုးမိုးတို့အား ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၃၄/၁၁၄ တို့ဖြင့် ထပ်မံအမှုဖွင့်ထားကာ သူရ(ခ)အားတီမှာ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။

အက်ဆစ်ဖြင့် အပက်ခံခဲ့ရသည့် မ……..အား လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ လုံခြုံစိတ်ချရသည့် နေရာတွင်စောင့်ရှောက်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်း ဆိုင်ရာ ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply