ဗြိတိန်ရှိ ရုရှားသူလျှိုဟောင်း အဆိပ်ဖြင့် တိုက်ခိုက်ခံရမှုအတွက် ရုရှားသံတမန် ၁၀၀ ကျော်ကို နိုင်ငံတွင်းမှနှင်ထုတ်

0
136

လန်ဒန် မတ် ၂၇

ဗြိတိန်ရှိ ရုရှားသူလျှိုဟောင်းကို အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပမဟာမိတ်များ သည် ရုရှားသံတမန်များစွာတို့ကို နိုင်ငံတွင်းမှ နှင်ထုတ်မှုများ ပြုလုပ်နေပြီဖြစ်သည်။

သမိုင်းတစ်လျှောက် ရုရှားသံတမန်များကို အများဆုံးနှင်ထုတ်မှုဖြစ်သည်။ နိုင်ငံပေါင်း ၂၀ ကျော်သည် ဗြိတိန်ကို ထောက်ခံပြီး သံတမန် ၁၀၀ ကျော်တို့ကို နှင်ထုတ်ခဲ့သည်။ အဆိုပါနိုင်ငံများ၏လှုံဆော်မှုပါသော လုပ်ဆောင်မှုကို တုံ့ပြန်မည်ဖြစ်ကြောင်း ရုရှားက ကြွေးကြော်ထားသည်။ အင်္ဂလန်နိုင်ငံတောင်ပိုင်း ဆလစ်ဘာရီ၌ ရုရှားသူလျှိုဟောင်း ဆာဂေစကရီပယ်နှင့်သမီးယူလီယာတို့ တိုက်ခိုက်ခံရမှုတွင် ၎င်းတို့ပါဝင်ခြင်းမရှိခဲ့ကြောင်း ရုရှားက ငြင်းဆိုထားသည်။ စကရီပယ်သားအဖသည် ဆေးရုံတွင် ကုသမှုခံယူနေရဆဲဖြစ်သည်။

အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်မှု၏နောက်ကွယ်တွင် ရုရှားရှိနိုင်ခြေ များကြောင်း ဥရောပသမဂ္ဂခေါင်းဆောင်များက လွန်ခဲ့သောအပတ်တွင် တစ်ညီတစ်ညွတ်တည်းပြောဆိုခဲ့သည်။ ရုရှားသမ္မတပူတင်သည် ဥရောပတိုက်နှင့် ပြင်ပတို့တွင် လက်ခံထားရသည့် တန်ဖိုးနှုန်းစံများကို ရန်လိုစွာတိုက်ခိုက်နေကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကပြော ဆိုခဲ့သည်။

ဗြိတိန်၏မဟာမိတ်များက ရုရှားသံတမန်များအား နှင်ထုတ်ခဲ့မှုကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဘောရစ်ဂျွန်ဆင်က ချီးကျူးပြောဆိုခဲ့သည်။ ဗြိတိန်နှင့် မဟာမိတ်များ၏လုပ်ရပ်သည် ထိပ်တိုက်ရင်ဆိုင်ရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့သည်။

ရုရှားသံတမန် ၂၃ ဦးကို နိုင်ငံတွင်းမှနှင်ထုတ်မည်ဖြစ်ကြောင်း ဗြိတိန်က ယခုလအစောပိုင်းတွင်ထုတ်ပြန်ခဲ့သည်။ နိုင်ငံပေါင်းများစွာတို့ကလည်း ရုရှားသံတမန်များကို နှင်ထုတ်မည်ဖြစ်ကြောင်း မတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပယ်မည့် ရုရှားသံတမန်စာရင်းမှာ အမေရိကန်ပြည်ထောင်စုက ၆၀ ဦး၊ ပြင်သစ်က လေးဦး၊ ဂျာမနီက လေးဦး၊ ပိုလန်က လေးဦး၊ ချက်နိုင်ငံက သုံးဦး၊လစ်သူယေးနီးယားက သုံးဦး၊ ဒိန်းမတ်က နှစ်ဦး၊ နယ်သာလန်က နှစ်ဦး၊ အီတလီက နှစ်ဦး၊ စပိန်က နှစ်ဦး၊ အက်စတိုးနီးယားက တစ်ဦး၊ ခရိုအေးရှားက တစ်ဦး၊ ဖင်လန်က တစ်ဦး၊ ဟန်ဂေရီက တစ်ဦး၊ လတ်ဗီးယားက တစ်ဦး၊ ရိုမေးနီးယားက တစ်ဦး၊ ဆွီဒင်က တစ်ဦး၊ ယူကရိန်းက ၁၃ ဦး၊ ကနေဒါက လေးဦး၊ အယ်လ်ဘေးနီးယားက နှစ်ဦး၊ သြစတြေးလျက နှစ်ဦး၊ နော်ဝေက တစ်ဦး၊ မက်စီဒိုးနီးယားက တစ်ဦးတို့ကို အသီးသီးနှင်ထုတ်ခဲ့သည်။

အိုက်စလန်ကလည်း ရုရှားအာဏာပိုင်များနှင့် အဆင့်မြင့်တန်းဆွေးနွေးမှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ရုရှား၌ ဇွန်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသို့ နိုင်ငံခေါင်းဆောင်များ တက်ရောက်မည် မဟုတ်ကြောင်း အသိပေးထားသည်။

သြစတြီးယား၊ ဂရိနှင့် ပေါ်တူဂီတို့ကမူ ဗြိတိန်ကို ထောက်ခံပြီး အဆိပ်ဖြင့် တိုက်ခိုက်မှုကို ရှုပ်ချသော်လည်း ရုရှားသံတမန်များကို နှင်ထုတ်မည်မဟုတ် ကြောင်း ပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply