ပေကျင်းသို့ ဆိုက်ရောက်လာသော ရထားတစ်စင်းကြောင့် ကင်ဂျုံအန် ပေကျင်းသို့ရောက်ရှိလာခြင်းဖြစ်နိုင်ဟု ခန့်မှန်းမှုများရှိနေ

0
141

ပေကျင်း မတ် ၂၇

မြောက်ကိုရီးယားအဆင့်မြင့်အရာရှိတစ်ဦးကို တင်ဆောင်လာသည်ဟု ယူဆရသည့် ရထားတစ်စင်း တရုတ်နိုင်ငံ မြို့တော် ပေကျင်းသို့ ဆိုက်ရောက်လာခဲ့ကြောင်း ဂျပန်မီဒီယာများကဖော်ပြခဲ့သည်။

မြောက်ကိုရီးယားမှ ပေကျင်းသို့လာရောက်သူသည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဖြစ်ဖွယ်ရှိနေကြောင်း ဘလွမ်းဘာ့စီးပွားရေး သတင်းဆိုက်ဒ်က အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်သုံးခုကို ကိုးကားဖော်ပြခဲ့သည်။ တရုတ်သည် မြောက်ကိုရီးယား၏ အဓိက မဟာမိတ်ဖြစ်သော်လည်း မြောက်ကိုရီးယား၏နျူလက်နက် စီမံကိန်း များကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးယိုယွင်းလာခဲ့သည်။

ကင်သည် အာဏာရရှိချိန် လွန်ခဲ့သော ခုနစ်နှစ်မှစပြီး ပြည်ပသို့ ထွက်ခွာ ခြင်း မပြုခဲ့ဟု နိုင်ငံတကာက ယူဆထားသည်။ မြောက်ကိုရီးယားမှ ပေကျင်းသို့ ရထားဆိုက်ရောက်လာမှုကို တရုတ်နှင့်မြောက်ကိုရီးယား မီဒီယာများကဖော်ပြခြင်းမပြုခဲ့ချေ။

ယခုဖြစ်ရပ်ကို စောင့်ကြည့်နေဆဲဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း တောင်ကိုရီးယား အစိုးရ၏ ပြောခွင့်ရှိသူက မတ် ၂၆ ရက်တွင်ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားမှ ရောက်ရှိလာသည့် ရထားတွဲဆိုင်း၏ပုံများကို တိုကျိုအခြေစိုက် နစ်ပွန် သတင်းကွန်ရက်က ဖော်ပြခဲ့သည်။ ကင်၏ဖခင် ကင်ဂျုံအီ ၂၀၁၁ ခုနှစ်တွင် ပေကျင်းသို့လာရောက်စဉ်တွင်လည်း အလားတူရထားတွဲဆိုင်းကို အသုံးပြု ခဲ့ကြောင်း သတင်းကွန်ရက်ကဖော်ပြခဲ့သည်။

ယင်းအချိန်က ကင်ဂျုံအီ ပေကျင်းသို့ရောက်ရှိပြီးမှသာ ၎င်း၏ခရီးစဉ်ကို ထုတ်ပြန်ခဲ့သည်။ မတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပေကျင်းဘူတာ၌ ထူးခြားမှုများရှိခဲ့ကြောင်း ဘူတာအပြင်ဘက်ရှိ ဈေးဆိုင်တစ်ဆိုင်၏ ပိုင်ရှင်ကပြောဆိုခဲ့သည်။ ဘူတာရုံအပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင် များစွာ ရှိနေပြီး ဘူတာရှေ့ရှိ လမ်းတစ်လျှောက်တွင်လည်း လုံခြုံရေးထူထပ်စွာ စောင့်ကြပ်နေခဲ့ကာ ဘူတာတွင်းသို့ အများပြည်သူဝင်ရောက်ခွင့်ကို ပိတ်ပင်ထားကြောင်း ၎င်းကပြောဆိုခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံခြားသားခရီးသွားများအား မြို့လယ်ရှိ တီယန်မင်ရင်ပြင်မှ ခေါ်ထုတ်ခဲ့သည်။ ရင်ပြင်နားရှိ မဟာပြည်သူ့ခန်းမ ဆောင် တွင် ထိပ်သီးတွေ့ဆုံမှုများကိုပြုလုပ်လေ့ရှိခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်တို့ကြား တွေ့ဆုံနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ယခုလအစောပိုင်းတွင် မြောက် ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးသည် ဆွီဒင်ဝန်ကြီးချုပ် စတီဖင်လော့ဗန်နှင့် စတော့ဟုမ်း၌ တွေ့ဆုံခဲ့သည်။ ကင်သည် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်နှင့် ဧပြီအကုန်ပိုင်းတွင် တွေ့ဆုံရန်စီစဉ်ထားပြီး ထရမ့်နှင့်မူ မေတွင်တွေ့ဆုံဖွယ်ရှိနေသည်။

Source:AFP

ရိုးမြေ

Leave a Reply