တိုင်းဝန်​ချုပ်​ ညွှန်​ကြားချက်​ ဒီချုပ်မူဝါဒနှင့် ဆန့်ကျင်နေဟု ပဲခူးတိုင်း NLD ဥက္ကဋ္ဌပြော

0
188

ပဲခူး၊ မတ် ၂၇၊ ၂ဝ၁၈။

ကလျာဏမိတ္တအသင်းမြေနေရာကိစ္စအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်​ကြီးချုပ်​၏ ညွှန်ကြားချက်သည် ဒီချုပ်မူနှင့်ဆန့်ကျင် နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) တိုင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဦးသိန်ဒန်က ပြောဆိုလိုက်သည်။

ပဲခူးမြို့ရှိ နာရေးနှင့် လူမှုရေးလုပ်ငန်းများအား တစိုက်မတ်မတ်လုပ်ဆောင်ပေးနေသည့် ကလျာဏမိတ္တအသင်းမြေနေရာ အား ဖယ်ရှားပေးရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည့်အပေါ် ထိုသို့လုပ်ဆောင်မှုသည် အာဏာရပါတီခေါင်း ဆောင်များ ၏ လမ်းစဉ်နှင့် မူဝါဒများကို ဆန့်ကျင်နေခြင်းဖြစ်ကြောင်း ၎င်းကအထက်ပါအတိုင်း ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့အဖွဲ့ချုပ်ရဲ့မူက ပြည်သူကိုမျက်နှာမူတဲ့ မူဝါဒပါ၊ ဒါပေမဲ့ လက်ရှိကျွန်တော်တို့အဖွဲ့ချုပ်က တင်မြှောက် လိုက်တဲ့ ဝန်ကြီးချုပ်ရဲ့ဆုံးဖြတ်ချက်က အဖွဲ့ချုပ်မှုနဲ့ဆန့်ကျင်နေပါတယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုကိုထူထောင်တဲ့ အခါမှာ လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးပါပါတယ်။ ဒါကို အစိုးရအဖွဲ့ဝန်ကြီးချုပ်က သူ့သဘောသူ့ ဆန္ဒတစ်ခုတည်းနဲ့ အခုလိုမျိုးဆုံးဖြတ်ခဲ့တာကို ကျွန်တော်တို့ စည်းလုံးညီညွတ်စွာနဲ့ ဆန့်ကျင်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု တိုင်း NLD ဥက္ကဋ္ဌဦးသိန်းဒန်က ပြောသည်။

ထို့ပြင် ယခုကဲ့သို့ လူမှုအကျိုးပြုလုပ်ငန်းများအား ပရဟိတလုပ်ကိုင်နေသည့် လူမှုအဖွဲ့အစည်း၏အသင်းရုံးမြေနေရာအား ဖယ်ရှားခိုင်းသည့်ကိစ္စအပါအဝင် တိုင်းဒေသကြီးအတွင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော အစိုးရစီမံကိန်း များ နှင့်စပ်လျဉ်းပြီး ပါတီတာယန်ရှိသူများနှင့်တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေက ကျွန်တော်တို့အတွက် သိပ်ကိုဝမ်းနည်းစရာကောင်းလှပါတယ်။ ဘာကြောင့် လည်းဆိုတော့ ပြည်သူတင်မြှောက်ခဲ့တဲ့အစိုးရက ပြည်သူ့အခက်အခဲကိုနိုင်သလောက်အားလေးနဲ့ ဖြေရှင်းဆောင်ရွက် နေတဲ့အဖွဲ့အစည်းတစ်ခုရဲ့ ရှင်သန်ရပ်တည်နေမှုကို ရပ်တန့်ခိုင်းလိုက်သလိုပါပဲ။ ယခင်အစိုးရလက်ထက်ကတည်းက ခွင့်ပြုပေးခဲ့တဲ့ဒီမြေနေရာကို ရွှေ့ခိုင်းတာဟာ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်” ဟု ကလျာဏမိတ္တအသင်းမှ ဥက္ကဋ္ဌဦးတင့်ဆွေမြင့်(ခ)ဦးကုလားက ပြောသည်။

စည်ပင်ပိုင်မြေနေရာအားနှစ်ရှည်ငှားရမ်းအသုံးပြုလျှက်ရှိသော ကလျာဏမိတ္တအသင်းသည် ပဲခူးဒေသရှိ နာရေး/ လူမှုရေးကိစ္စရပ်များအား အခမဲ့ကူညီပေးနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင် ယခုဆိုလျှင် သက်တမ်းအားဖြင့် ၁၇ နှစ်ခန့်အထိရှိပြီဖြစ်ကာ အသင်းကြီးရပ်တည်မှုအား တစ်စုံတစ်ရာထိခိုက်လာစေမည်ဆိုပါက ပြည်သူလူထုအတွက် များစွာနစ်နာဆုံးရှုံးနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါအသင်းမြေနေရာနှင့်ပတ်သက်ပြီး တိုင်းစည်ပင်သာယာမှ ညွှန်ကြားစာထုတ်ပြန်ရာတွင် ‘စည်ပင်မှ Car Park အနေဖြင့်သာထားရန် သင့်လျော်မည်ထင်သည်၊ ဆရာတော်၏ကျောင်း၊ ဘုရားသို့ဖူးမြော်သော ဒါယိကာပရိသတ်အတွက်အပါ ဝင်ကြေးငွေကောက်ခံသော Car Park ဖြစ်သင့်သည်၊ လူမှုရေးအသင်းအား သင့်တော်ရာသို့ ရွှေ့စေလိုသည်’ ဟူသောမှတ်ချက်နှင့်အတူ တိုင်းစည်ပင်သာယာနှင့် လူမှုရေးဝန်ကြီးသစ် ဒေါ်ညွန့်ညွန့်ဌေးက ယန်ကြီးချုပ်ကိုယ်စားလက်မှတ်ရေးထိုးကာ စာပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စာထုတ်ပြန်မှုကို မတ်လ ၅ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း ကြားထဲတွင် သံဃာအပါး ၁၈ဝဝ အားဆွမ်းစိမ်းလောင်းလှူပွဲတွင် ကလျာဏမိတ္တအသင်းသားများက လုပ်အားပေကူညီဆောင်ရွက်မှုများရှိနေသဖြင့် ယင်းစာကို ဆွမ်းလောင်းပွဲပြီးချိန်ရောက်မှသာ အသင်းတာဝန်ရှိသူများထံပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သရသည်။

အထက်ပါဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မတ်လ ၂၃ ရက် ညနေပိုင်းက ပဲခူးမြို့ ဖဲဖောင်တော်ကွင်းသုဿန်ဟောင်းနေရာရှိ ကလျာဏမိတ္တအသင်းရုံးနေရာ ၌ပြုလုပ်သည့် တိုင်းဒေသကြီးယန်ကြီးချုပ်၏ အမိန့်စာအရ ကလျာဏမိတ္တ နာမှု/လူမှု ကူညီရေးအသင်းကြီး၏ မြေနေရာအား သင့်တော်ရာနေရာသို့ ပြောင်းရွှေ့စေလိုသည့် မှတ်ချက်အား ပရဟိတအသင်းများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ၊ မြို့သူမြို့သားများ၏ သဘောထားအမြင်ခံယူပွဲပြုလုပ်ခဲ့သည်။

အထက်​ပါကိစ္စနှင့်​ စပ်​လျဉ်းပြီး ပဲခူးမြို့ခံများနှင့်​ နိုင်​ငံ​ရေးအသိုင်းအဝိုင်းများကြား အစိုးရအ​ပေါ်​ဝေဖန်​မှုများရှိ​နေသည့်​ပြင်​ လူမှုကွန်​ယက်​စာမျက်​နှာများ၌ပင်​ မ​ကျေမနပ်​ဖြစ်​ကာ ​ရေးသား​ပြစ်​တင်​​ပြောဆိုသည်​များ
လည်း ရှိ​နေသည်​။

မိုး​မြေ

Leave a Reply